ကချင်ပြည်ပြည်နယ်အတွင်း ပြည်သူ့စစ်အဖွဲ့ အသီးသီက လူသစ်စုဆောင်းမှု တစ်ဆက်တစ်စပ် ပြုလုပ်လာ
31 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းမှာ ရှမ်းနီပြည်သူ့စစ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အဖွဲ့အစည်းတွေက စစ်သင်တန်းတက်ဖို့အတွက် လူသစ်စုဆောင်းနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ တတိယအပတ်လောက်ကစပြီး မိုးညှင်းမြို့နယ်အတွင်းက ဟိုပင်၊ နန်းမား၊ မိုးညှင်း စတဲ့မြို့တွေနဲ့ အင်းတော်ကြီးဒေသမှာ လူစုဆောင်းနေတာဖြစ်တယ်လို့ ဒေသခံတွေထံက သိထားရပါတယ်။
အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှာ ပြည်သူ့စစ်နဲ့ SNA ပူးပေါင်းတပ်တွေ ဇန်နဝါရီ ၂၂ ရက်နေ့က ရောက်လာပြီး နောက်ရက်မှာပဲ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး လူခေါ်ဖို့အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ရပ်ရွာအုပ်ချုပ်ရေးမှူးတွေက လူထုကိုပွင့်ပွင့်လင်းလင်း ချပြ၊ ပြောပြခြင်းမရှိဘူးလို့ နမ့်မွန်းဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေခေါ်ပြီး အစည်းအဝေး လုပ်တယ်။ အုပ်ချုပ်ရေးမှူးတွေက တရားဝင် မပြောဘူး။ ရာအိမ်မှူးတွေက ပြောပြလို့ သိရတာ”
အင်းတော်ကြီးဒေသဟာ ရှမ်းနီလူမျိုးအများစုနေထိုင်တဲ့ ဒေသဖြစ်တာကြောင့် တချို့လူငယ်တွေကတော့ မိမိတို့သဘောဆန္ဒအရ လိုက်ပါသွားကြပေမယ့် အတင်းအဓမ္မခေါ်ဆောင်ခံရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
တစ်ရွာကိုလူအယောက် ၃၀ နှုန်းခေါ်တယ်လို့ ကြားသိထားရပြီး သင်တန်းမတက်လိုရင်တော့ ပိုက်ဆံပေးရတယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဆိုပြန်ပါတယ်။
“၂၂ ရက်နေ့က အစ်မတို့လမ်းထိပ်က အသီးရောင်းတဲ့ ကောင်လေးတွေဆို သနားပါတယ်။ နောက်နေ့မနက် ပိုက်ဆံနဲ့လာရွေးခိုင်းတာတဲ့။ သူတို့လွတ်ပေးချင်တဲ့သူကိုပဲ လွတ်ပေးတာ၊ မလွတ်ပေးတဲ့သူတွေကိုက သင်တန်းပေးနေတာတဲ့”
အင်းတော်ကြီးဒေသနဲ့ အလားတူပဲ ရှမ်းနီလူမျိုးတွေအများစုနေထိုင်တဲ့ နန်းမားမြို့ဘက်မှာလည်း ဇန်နဝါရီ ၂၅ ရက်လောက်ကတည်းက လူသစ်စုဆောင်းဖို့ လူတွေလိုက်ဖမ်းနေပြီး သူ့ရဲ့ဆွေမျိုးတွေပါ ဖမ်းဆီးခံလိုက်ရတယ်လို့ နန်းမားဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ဇန်နဝါရီ ၂၅ ရက်နေ့ညက ကံကုန်းကြီးရပ်ကွက်က ကလေးတွေ ပါသွားတယ်။ အိမ်ကတူမောင်ရဲ့ ယောက်ဖ၊ ခယ်မတွေပါ ပါသွားတယ်။ လျှပ်တပြက်ပဲ ဝင်ဆွဲတာပါ”
တစ်ချိန်တည်းမှာပဲ နန်းမားမြို့နဲ့ ငါးမိုင်အကွာမှာရှိတဲ့ မိုးညှင်းမြို့ပေါ်က ရှမ်းလူမျိုးအများစုနေထိုင်တဲ့ အုတ်ကျင်းရပ်ကွက်နဲ့ မြို့အထွက်ဘက်က နမ့်ပုတ်ကျေးရွာမှာလည်း ဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်လို့ မိုးညှင်းမြို့ခံတစ်ဦးထံကနေ သိရပါတယ်။
အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုတွေဟာ မိုးညှင်းမြို့နယ် နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့အတွက် မြို့နယ်အတွင်းမှာ နေထိုင်တဲ့ဒေသခံတွေဟာ စိုးရိမ်ပူပန်နေကြရပြီး လူငယ်အများစုကတော့ တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
နေရာအနှံ့မှာ စစ်မျက်နှာပြင်ဖွင့်ထားရတဲ့ စစ်ကောင်စီဟာ ကချင်ပြည်နယ် စစ်မျက်နှာပြင်အတွက်လည်း စစ်အင်အား လိုအပ်ချက်ရှိတာကြောင့် စစ်ကောင်စီနောက်လိုက် ပြည်သူ့စစ်နဲ့ပူးပေါင်းပြီး အရပ်သားတွေကို စစ်သင်တန်းပေးဖို့အတွက် ၂၀၂၃ ခုနှစ်နှောင်းပိုင်းကစတင်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေကို ပြုလုပ်လာတာ ဖြစ်ပါတယ်။
ရှမ်းလူမျိုးတွေအများဆုံးနေတဲ့ မိုးညှင်းခရိုင်အတွင်းမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ပြည်သူ့စစ်ပူးပေါင်းအုပ်စု၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ ဦးရွှေမင်းဦးဆောင်တဲ့ ဝူယန်ပြည်သူ့စစ်အဖွဲ့နဲ့ မြစ်ကြီးနား အထက်ဘက် ပူတာအိုဒေသမှာတော့ ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ စတဲ့ ပြည်သူ့စစ်တပ်ဖွဲ့အသီးသီးက လူသစ်စုဆောင်းတဲ့ လှုပ်ရှားမှုတွေကို တစ်ဆက်တစ်စပ်တည်း ပြုလုပ်လာကြတာဖြစ်ပါတယ်။