အသက်ကိုဖက်နှင့်ထုပ်၍ သင်ယူနေရသည့် ပညာရေး
By YUME.
3 January 2024 – Kachinwaves
ကာယကံရှင်များ၏ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေရာအတိအကျ မဖော်ပြလိုသော ကချင်ပြည်နယ် နေရာတစ်နေရာရှိ ပညာရေးဘော်ဒါဆောင်တစ်ခုသည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာဒေသ အနီးအနားတွင် တည်ရှိနေပါသည်။ အဆိုပါ ဘော်ဒါဆောင်ကို စစ်ဘေးရှောင် ကလေးများနှင့် ၎င်းအရပ်ဒေသရှိ ကလေးများ ပညာရေးမှာ နောက်ကောက်မကျစေရန် ရည်ရွယ်ပြီး အသင်းတော်အတွင်း အခြေပြုကာ ၂၀၁၈ ခုနှစ်ကတည်းကစပြီး ဖွင့်လှစ်လာခဲ့သော ဘော်ဒါဆောင်ဖြစ်ပါသည်။
စစ်ဘေးရှောင်ကလေးများနှင့် ငွေကြေးခက်ခဲသော ဒေသခံကလေးငယ်များ ပညာသင်ယူနိုင်ရန်အတွက် ညအိပ်ညနေ ဘော်ဒါဆောင်အဖြစ် ငွေကြေးအနည်းငယ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ဘော်ဒါဆောင်တွင် လူဦးရေပျမ်းမျှ တစ်နှစ်ကို ကျောင်းသားကျောင်းသူ ၃၀ နီးပါးအား KG အတန်းမှစ၍ လက်ရှိအချိန်တွင် Grade 11 ထိ သင်ကြားပေးနေပြီဖြစ်ကြောင်း ပြောပါသည်။ သို့သော် လက်ရှိ စစ်ရေးနိုင်ငံရေး အခြေအနေများကြောင့် ညအိပ်ညနေ လက်မခံနိုင်တော့ဘဲ၊ ညနေပိုင်း ၆ နာရီခွဲမှ ည ၉ နာရီခွဲအထိသာ ကလေးများကို စာကူညီလုပ်ဆောင်ပေးနေရသည်ဟု ဆိုသည်။ ယခင်လို ညအိပ်ညနေဖွင့်လှစ်သည့် ဘော်ဒါမဟုတ်တော့သဖြင့် ငွေကြေးမကောက်ခံတော့ဘဲ ပညာဒါနပြုနေသည့် ဘော်ဒါဆောင်လေးဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများ မကြာခဏဖြစ်ပွားတတ်သည့် ဒေသအနီးအနားတွင် ကျရောက်နေသလို တိုက်ပွဲမဖြစ်ဘဲ တစ်ဖက်သတ်ပစ်ခတ်သည့် လက်နက်ကြီးများလည်း ကျရောက်ပေါက်ကွဲတတ်သော နေရာလည်း ဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်လခန့်က ဘော်ဒါဆောင်၏ စာကျက်ခန်းမ၊ အမျိုးသမီးဆောင်နှင့် မီးဖိုချောင်များတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဘော်ဒါဆောင်၏ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ကံကောင်းသည်မှာ လက်နက်ကြီးသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ မရှိသည့်အချိန်၌ ကျရောက်ခဲ့၍သာ လူအထိအခိုက် မရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။ ၄င်းလက်နက်ကြီး ကျရောက်ပြီးနောက် တစ်ပတ်ကျော်သည်အထိ သေနတ်သံများကို ညစဉ်ဆက်တိုက် ကြားခဲ့ရသည်ဟု ဆိုသည်။ လက်နက်ကြီးနှင့် သေနတ်သံများကိုကြားရလျှင် အချို့ကလေးများက ထိတ်လန့်နေကြပြီး စာမလုပ်နိုင်သည့် အချိန်များလည်းရှိသည်ဟု ပြောပြသည်။ လက်နက်ကြီးသံများ ကြားဖန်များလာတော့ အချို့ကလေးများအတွက်က မထူးဆန်းတော့သည့် အဖြစ်အပျက်လို ဖြစ်လာကြောင်းလည်း သိရသည်။ ဤကဲ့သို့ အသက်ဘေးအန္တရာယ်နှင့် နီးကပ်စွာနေထိုင်ရပြီး လုံခြုံမှုမရှိသော်လည်း ကလေးများနှင့် ဆရာ၊ ဆရာမများသည် မိမိတို့၏ အသိပညာတိုးပွားရေး အဆက်ပြတ်မသွားအောင် လက်မလျှော့ဘဲ စာကိုဝိုင်းဝန်း သင်ကြားသင်ယူနေကြဆဲ ဖြစ်ပါသည်။
ဘော်ဒါဆောင်နှင့် နီးနီးကပ်ကပ်နေရာများတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလာလျှင် ကလေးများကို အိမ်ပြန်ခိုင်းရန် စီမံဆောင်ရွက်နေသလို ရိုးရိုးသေနတ်သံများသာဆိုလျှင် အခြေအနေကိုစောင့်ကြည့်ပြီး လုပ်ဆောင်ရန် စီမံညွှန်ကြားမှု ချမှတ်ထားသည်ဟု တာဝန်ရှိသူက ပြောပြသည်။ မလုံခြုံသည့်နေရာတွင် ကလေးများကို စုစည်းသင်ကြားပေးနေရသောကြောင့် ဘော်ဒါဆောင်ကို ဦးစီးဆောင်ရွက်သူများအတွက် သာမန်အချိန်ကာလထက် တာဝန်ဝတ္တရားပိုမိုကြီးလေးကြောင်း ပြောဆိုသည်။ တစ်စုံတစ်ရာဖြစ်လာခဲ့လျှင်ဆိုသည့် စိတ်ဖြင့်လည်း စိတ်ပြင်ဆင်ထားကြရန် အမြဲအသိပေးထားကြောင်း သိရသည်။ ထို့အပြင် လက်နက်သံများနှင့် အနီးအနားတွင် ဖွင့်လှစ်ထားရသည့် ဘော်ဒါဆောင်ဖြစ်၍ ကတုတ်ကျင်းများကိုလည်း ပြင်ဆင်ထားရကြောင်း တာဝန်ရှိသူတစ်ဉီးက ယခုလို ပြောဆိုသည်။
“ကျွန်တော်တို့က ကလေးတွေကို စုစည်းပြီး လုပ်ဆောင်ပေးတာမို့ ကလေးတွေအတွက် အရမ်းစိုးရိမ်ရတယ်။ တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ ခေါင်းပေါ်မှာပဲ ဒီလိုမျိုးကိစ္စရပ်တွေအတွင်းမှာ အများကြီးရှိတယ်။ ဘယ်သူ့ကိုမှလည်း ပြောပြလို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း ကြောက်ပေမဲ့ အမြဲသတိထားပြီး လုပ်ဆောင်နေရတယ်။ ဘယ်သူဖြစ်ဖြစ် သေမှာတော့ကြောက်တယ်။ ဒါပေမဲ့ ဖြစ်လာရင်ဆိုတဲ့အတွက်ကတော့ စိတ်ပြင်ဆင်ထားရတယ်။ စိတ်ပြင်ဆင်ထားပြီး အတူတွဲခေါ်လုပ်ဆောင်တယ်။ ဒါကြောင့် ကလေးတွေကိုလည်း ကြိုတင်အသိပေးထားရတယ်။”
အခြေအနေ အရပ်ရပ်ကြောင့် ကလေးများ ပညာရေးတွင် နောက်ကျနေရခြင်းသည် နောက်မျိုးဆက်အထိပါ စိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးခြင်းကြောင့် ငွေကြေးကုန်ကျခံပြီး ကျောင်းမတက်ရောက်နိုင်သော်လည်း အခြေခံပညာ သင်ယူတတ်မြောက်ခွင့်မှာ ကလေးငယ်တိုင်း၏ မွေးရာပါ လူ့အခွင့်အရေး ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ၆ သန်းကျော်သော ကလေးငယ်များသည် ပြည်တွင်းမတည်ငြိမ်မှု ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး လစ်ဟင်းခံရခြင်း၊ အစားအသောက် မလုံလောက်မှုနှင့် အဟာရချို့တဲ့မှုများ၊ တပ်သားစုဆောင်ခံရခြင်းများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကြုံတွေ့နေရကြောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် The Guardian သတင်းစာတွင် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Marcoluigi Corsi က သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
UNOCHA Myanmar မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ထားသော အရေးပေါ် သတင်းအချက်အလက် အမှတ်စဉ် (၁၀)၌ ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ တည်ငြိမ်မှုမရှိသေးဘဲ၊ မြစ်ကြီးနား အပါအဝင် မြို့နယ်အချို့များတွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ၊ တပ်ရွှေ့သွားလာမှုများ၊ အရပ်သားများအား တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမပေါ်ရှိ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားပါသည်။
၂၀၁၁ ခုနှစ်တွင် ကချင်ဒေသအတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း၌ စစ်ရှိန်ပိုမိုပြင်းထန်လာကာ ယခုဆောင်းပါးတွင် ဖော်ပြနေသည့် ဘော်ဒါဆောင် ဖွင့်လှစ်ထားသော အရပ်ဒေသအနီးအနားတွင်လည်း တိုက်ပွဲများပြင်းထန် ဖြစ်ပွားတတ်သည်။ စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း စစ်တပ်က လာရောက်ကြည့်ရှုပြီးလျှင် ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီး မဟုတ်ကြောင်းသာ အမြဲငြင်းဆိုလေ့ရှိကြောင်း ဒေသခံ၏ ပြောကြားချက်အရ သိရှိရပါသည်။
ယခုဖော်ပြနေသည့် ဘော်ဒါဆောင်၏ လုံခြုံရေးကင်းမဲ့နေသည့် အခြေအနေများကို အများသိရှိအောင် ပြောကြားဖို့လည်း လုံခြုံမှုပြဿနာကြောင့်ပင် ဖွင့်ချပြောဆိုရန်ခက်ခဲနေပြီး၊ အခြားတစ်ဖက်မှာလည်း ကလေးများနှင့် ဘော်ဒါဆောင်ကို ဦးဆောင်စီမံနေသူတို့၏ အခြအနေမှန်ကိုလည်း အများပြည်သူ ကြားသိရန်လိုအပ်နေသော အရာများဖြစ်နေပြန်သည်။
“ကျွန်တော်တို့က လခကို ကြည့်တာမဟုတ်ဘူး။ ကျွန်တော်တို့ တောင်ပေါ်ဒေသကို ဘယ်သူမှ လာလုပ်ပေး၊ စာလာသင်ပေးမယ့်သူတွေ မရှိဘူး။ အရင်က နိုင်ငံခြားထွက်ဖို့ထိ စဉ်းစားသေးတယ်။ ဒါပေမဲ့ ကိုယ့်အရပ်ဒေသက လူတွေအတွက်၊ ကလေးတွေအတွက် လမ်းပြပေးမယ့်သူ လိုနေတယ်။ ဒါကြောင့် ကလေးတွေအတွက် လိုအပ်နေတာကြောင့် ဘာပဲဖြစ်ဖြစ်ဆွဲခေါ် လမ်းပြရမယ်ဆိုတဲ့ စိတ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။” ဟု ဘော်ဒါဆောင်၏ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါ ဘော်ဒါဆောာင်လေးသည် လက်နက်ကြီးကြောင့် အဆောင်များပျက်စီးသွားခဲ့သော်လည်း လက်ရှိအချိန်ထိ အကူအညီပေးမည့်သူများ မရှိသေးသောကြောင့် နဂိုအပျက်အစီးအတိုင်း ရှိနေသေးသည်။ ဤကဲ့သို့ ခက်ခဲနေသော အရပ်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီမရရှိသည့် အခြေအနေနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ယခုလိုပြောဆိုသည်။
“စစ်ဘေးရှောင်စခန်းမှာနေတဲ့ သူတွေက အကူအညီပေးတဲ့လူတွေဆီက အကူအညီအနည်းငယ် ရရှိတဲ့ အခွင့်အရေးတွေရှိတယ်။ ဒါပေမဲ့ တချို့ပြည်သူတွေ ကိုယ့်အရပ်ဒေသမှာနေထိုင်ပြီး လေယာဉ်ဗုံး အန္တရာယ်အောက်မှာ ကျရောက်နေတဲ့သူတွေ၊ ခက်ခဲနေသူတွေအတွက် အကူအညီပေးနိုင်ဖို့က ပိုပြီးတော့ ခက်ခဲတယ်။ အကူအညီပေးတဲ့ လုပ်ငန်းစဉ်မှာ အခက်အခဲတွေ တော်တော်များများ တွေ့ရတယ်။ အခက်အခဲတွေ အများကြီး တွေ့ရတဲ့အထဲမှာ မြန်မာစစ်တပ်ရဲ့ မတရားသဖြင့် ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေကြောင့် Humanitarian Aids အနေနဲ့ အမှန်တကယ်ခက်ခဲပြီး လိုအပ်နေတဲ့သူတွေဆီ ရောက်အောင်ပို့ဖို့က အမျိုးမျိုး ပိတ်ပင်တားဆီးခံရတာတွေ ရှိတယ်။”ဟု ဆိုသည်။
ထို့အပြင် အဓိက တွေ့ရှိရသည့် အခက်အခဲ ၂ ခုမှာ နိုင်ငံတကာအဖွဲ့အစည်းများသည် ၎င်းတို့၏ ပေါ်လစီများကို ပြန်လည်မွန်းမံပြင်ဆင်မှု မပြုလုပ်ဘဲ၊ ကူညီလိုကြောင်း ပြောနေခြင်းမှာ ပြောစကားသက်သက်သာ ဖြစ်နေသည်။ နောက်တစ်ချက်မှာ သွားရောက်ကူညီသည့် အဖွဲ့အစည်းများကလည်း စစ်ဆေးခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ ကူညီမှုများကို လုပ်ဆောင်လျှင် စစ်တပ်၏ ခြိမ်းခြောက်မှုကို ခံရခြင်းများသည် အဓိက အခက်အခဲများဖြစ်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ဆိုသည်။
“ကျွန်မတို့ အမျိုးသမီးအဖွဲ့အစည်းတွေသာမက အရပ်ဖက်အဖွဲ့အစည်းတွေက ဆက်တိုက်ပြောနေတာကတော့ မြန်မာနိုင်ငံရဲ့ မတရားသဖြင့် အုပ်ချုပ်ခြင်းခံနေရတဲ့ အခြေအနေနဲ့ လက်ရှိ မြန်မာစစ်တပ်ရဲ့ မတရားသဖြင့် လုပ်ဆောင်ခြင်းတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အခုကျွန်မတို့ ပြောနေတဲ့ Register (အသင်းအဖွဲ့မှတ်ပုံတင်) လုပ်ထားတဲ့ အဖွဲ့အစည်းဖြစ်မှ ထောက်ပံ့ကူညီဖို့ ပေးနိုင်တယ်ဆိုတာမျိုး မဟုတ်ပဲ၊ တစ်ကယ်ကို အဖွဲ့အစည်းတော်တော်များများက လက်တွေ့ စစ်ဘေးဒဏ်ခံစားနေရတဲ့သူတွေကို နီးကပ်စွာ ကူညီပေးနေတဲ့သူတွေကို တိုက်ရိုက် ကူညီပေးဖို့ တောင်းဆိုနေတာတွေရှိတယ်။”ဟုလည်း ဆိုပါသည်။
အချို့ နိုင်ငံတကာအဖွဲ့အစည်းများက အကြံပြုချက်ကို နားထောင်ပေးပြီး တိုက်ရိုက်ကူညီပေးကြသော်လည်း ဥရောပသမဂ္ဂ (EU)၊ ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများက ယခင်က ပေါ်လစီအတိုင်းပဲ ဆက်ရှိနေသည်ဟု ဆိုသည်။ စစ်တပ်နှင့် MoU (နားလည်မှုစာချွန်လွှာ) ထိုးပြီး လုပ်ဆောင်ခြင်းသည် မြေပြင်မှာ အကောင်အထည်ဖော်ဆောင်သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် ပိုမိုစိုးရိမ်ရကြောင်းလည်း ပြောသည်။
မြန်မာနိုင်ငံတစ်ခုလုံးတွင် လက်ရှိနေရပ်စွန့်ခွာရသူ ၂ ဒသမ ၆ သန်းထိ စံချိန်တင် ရောက်ရှိနေပြီဖြစ်ကြောင်း UNOCHA Myanmar အစီရင်ခံစာတွင်တွေ့ရသည်။ အတည်မပြုရသေးသော မြေပြင်သတင်းများအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်း တိုက်ပွဲများအရှိန်မြင့်လာချိန်မှစ၍ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၃၇၈ ဦးထက် မနည်းသေဆုံးခဲ့ရပြီး ၅၀၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းကိုလည်း ၎င်းအစီရင်ခံစာတွင် တွေ့ရှိရပါသည်။
လက်နက်သံများကြားမှာ ဘော်ဒါဆောင်ဖွင့်ပြီး ကလေးများအား ပညာသင်ကြားပေးနေသည့် တာဝန်ရှိသူတစ်ဦးက ယခုလိုမှတ်ချက်ပြု ပြောဆိုလိုက်သည်။
“အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက မတရားတဲ့သူတွေက တရားသလိုဖြစ်သွားတယ်။ အမှန်တရားပြောတဲ့ခါ လူတွေက မှန်တဲ့ဘက် ရပ်တည်ချင်ပေမဲ့ တရားတဲ့ဘက်၊ မှန်ကန်တဲ့ဘက် ရပ်တည်ဖို့က အားလုံးအတွက် ခက်ခဲတယ်။ အဲ့တာကြောင့် လူတွေက အမှန်တရားကို မသိနေတာ မဟုတ်ဘဲ၊ တရားတဲ့ဘက်ကို ရပ်တည်ဖို့ မရဲတော့ဘူး။ ဒါကြောင့် နိုင်ငံအတွင်းမှာ အရမ်းသတိထားပြီး နေထိုင်နေကြရတယ်။”