အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်ကြောင်း SSPP/SSA ရှမ်းအဖွဲ့ ထုတ်ပြန်
30 January 2024 – Kachinwaves
အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသောအမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒ နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
“ရှမ်းပြည်တိုးတက်ရေးပါတီ၏ အထွေထွေလုပ်ငန်းစဉ်၌ ချမှတ်ထားသော မူဝါဒအတိုင်း အာဏာရှင်စနစ် (Autocracy)၊ မဟာလူမျိုးကြီးဝါဒ (Chauvinism)၊ နယ်မြေချဲ့ထွင်ရေးဝါဒ (Expansionism) တို့ကိုဆန့်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြန်ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာပြီး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုတည်ဆောက်နိုင်မည် …”ဟု ပါရှိသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်များကိုလည်း တဆင့်တိုးစီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ကျားဖျန့် (အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း) များကိုလည်း ထုတ်ဖော်တားဆီးနှိမ်နှင်းပြီး သက်ဆိုင်ရာနိုင်ငံများသို့ အပ်နှံသည့် လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။
ဇန်နဝါရီ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပခဲ့သော “ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဗဟိုကော်မတီ မျက်နာစုံညီ ၂၀၂၃ နှစ်ချုပ် အစည်းအဝေး” အပြီး ထုတ်ပြန်သည့် ကြေညာချက်ဖြစ်သည်။
အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ဆေထင် က သဘပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင်၊ အရံဗဟိုကော်မတီဝင်၊ တပ်ကိုယ်စားလှယ်၊ နယ်ဘက်အုပ်ချုပ်ရေးကိုယ်စားလှယ်၊ ဗဟိုဌာနများနှင့် ရုံးအဖွဲ့ဝင်များ စုစုပေါင်း (၂၅၃) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။