လက်သည်မပေါ်သော သေနတ်ကိုင်ဆောင် ကျူးလွန်သည့် ဒုစရိုက်မှုများ
သတင်းစောင့်ကြည့်လေ့လာမှု။
30 January 2024 – Kachinwaves
သေနတ်ကိုင်ဆောင် ကျူးလွန်သည့် ဒုစရိုက်မှုသည် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားမှုများလာသော ရာဇဝတ်မှုတစ်မျိုးဖြစ်သည်။ ကချင်ပြည်နယ်တွင် ယင်းကဲ့သို့ ဒုစရိုက်မှုအများဆုံးတွေ့ရှိရသည့်မြို့မှာ ဖားကန့်မြို့နယ် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ပထမခြောက်လပတ်တွင် လက်သည်မပေါ်သော ပစ်သတ်မှု (၄) မှုသာရှိခဲ့သော်လည်း ဒုတိယခြောက်လပတ်တွင် (၁၅) မှုထိရှိလာသည်ကို တွေ့ရသည်။ ထို့အပြင် ဝိုင်းမော်နှင့် မိုးကောင်း မြို့နယ်များတွင် တစ်ခုစီရှိခဲ့သည်။
ကျောက်စိမ်းမှော်ကြောင့် စည်ကားနေသော ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအနှံ့အပြားမှ ပြည်သူများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအပြင် အိမ်နီးချင်းနိုင်ငံသားများလည်း ဖားကန့်ကျောက်စိမ်းမှော်ကိုမှီခိုပြီး စီးပွားရေးလုပ်ကိုင်ကြသော ဒေသဖြစ်သည်။ ထို့အပြင် စစ်ကိုင်းတိုင်းနှင့် နယ်မြေချင်းထိစပ်နေသည့် ဒေသဖြစ်သလို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော် – SNA (ပြည်သူ့စစ်) များကတစ်ဖက်၊ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်လှန်ရေးတပ်ဖွဲ့များကတစ်ဖက် တိုက်ပွဲများဖြစ်ပွားကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးတွေ့ရသည့်မြို့နယ် ဖြစ်သည်။ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်သည်အထိ ရံဖန်ရံခါ ဆန္ဒပြသပိတ်မှောက်ကြသည့် ကချင်ပြည်နယ်ထဲက တစ်ခုတည်းသောမြို့လည်း ဖြစ်သည်။
ထို့အပြင် ဖားကန့်မြို့နယ်သည် ပြီးခဲ့သည့်နှစ် ပထမခြောက်လပတ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ် ဖြစ်ခဲ့သလို ယခု ဒုတိယခြောက်လပတ်တွင်လည်း ဒုတိယအများဆုံး ဖြစ်သည်။
Kachinwaves ၏ သတင်းစောင့်ကြည့်လေ့လာချက်အရ အထက်မှာ ဖော်ပြခဲ့သော လက်သည်မပေါ်သည့် ဒုစရိုက်မှုများကြောင့် သေဆုံးသူများတွင် အမျိုးသမီး ၁ ဦးပါဝင်ပြီး အမျိုးသား ၁၁ ဦး ရှိခဲ့သည်။ ငွေကြေးပစ္စည်းဥစ္စာ ခြိမ်းခြောက်လုယူခံရသည့်အမှု ၄ မှုရှိခဲ့သည်။ သတ်ဖြတ်ခံရမှုများမှာ မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခံရသည်ကို ကောက်ချက်ဆွဲနိုင်ရန် ခက်ခဲသည့် လူသတ်မှုများ ဖြစ်ခဲ့သည်။
အထက်ပါ သေနတ်ကိုင်ဆောင် ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များတွင် သေဆုံးခဲ့သူများ၏ အသက်အရွယ်မှာ ၃၀ နှစ်ကျော်မှ ၅၅ နှစ်ကျော်အရွယ်ကြား ဖြစ်ကြသည်။ အမှုဖြစ်စဉ်များတွင် အနည်းဆုံး လူနှစ်ဦးမှ ခြောက်ဦးအထိ အုပ်စုဖွဲ့ ၍ ကျူးလွန်ခဲ့သည့်ဖြစ်စဉ်များ ဖြစ်သည်။
စစ်ရေးနှင့် နိုင်ငံရေး အကြောင်းပြချက်တခုခုဖြင့် လုပ်ကြံသတ်ဖြတ်မှုများ
စစ်ရေးနှင့် နိုင်ငံရေး အကြောင်းပြချက်တစ်ခုခုဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည်ဟု ကောက်ချက်ဆွဲနိုင်သော လုပ်ကြံသတ်ဖြတ်မှုများမှာ ဖားကန့်မြို့တွင် (၂) ခု၊ မိုးညှင်း၊ မိုးမောက်နှင့် မိုးကောင်း မြို့နယ်များတွင် (၁) ခုစီရှိခဲ့သည်။
လုပ်ကြံသတ်ဖြတ်ခံရသူများမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး၊ ရာအိမ်မှူးတစ်ဦး၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) တစ်ဦးနှင့် ဒလန်အဖြစ်ကျောစောသူ သတင်းထောက်ဟောင်းတစ်ဦးတို့ ဖြစ်ကြသည်။ ၎င်းလုပ်ကြံသတ်ဖြတ်မှုများအား မည်သည့်လက်နက်ကိုင်အဖွဲ့များက ပြုလုပ်ခဲ့ကြောင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။