နှစ်ဆန်းတစ်လအတွင်း KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စကစ စခန်းပေါင်းအနည်းဆုံး ၁၃ ခုသိမ်းယူနိုင်ခဲ့
30 January 2024 – Kachinwaves
ယခုနှစ် ဇန်နဝါရီလအတွင်း KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းပေါင်း အနည်းဆုံး ၁၃ ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။
ကချင် – ရှမ်းပြည်နယ်အစပ်နဲ့ ကချင် – စစ်ကိုင်းတိုင်းအစပ်က ဗျူဟာကျတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။
ကချင်ပြည်နယ်၊ မံစီမြို့နဲ့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ကြား ဆက်သွယ်ထားတဲ့ ကားလမ်းမဘေးမှာရှိတဲ့ ကိုင်ထိပ် (Kai Htik) တောင်တန်းပေါ်က စခန်းကုန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၂၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ကမနက် ၉ နာရီမှာ သိမ်းယူနိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစခန်းဟာ ဘေးပတ်ပတ်လည်မှာရှိတဲ့ မံစီမြို့နယ်ထဲက စစ်စခန်းအများစုကို အကာအကွယ်ပေးနေတဲ့ စခန်းဖြစ်တဲ့အတွက် ဗျူဟာကျတဲ့ တပ်စခန်းကြီးဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
“ဗျူဟာကျတဲ့နေရာကတော့ ဟုတ်ပါတယ်။ မန်စံကနေတက်သွားပြီးမှ တောင်ထိပ်ဖြစ်နေတာ။ တရုတ်ပြည် နယ်စပ်ဘက်သွားတဲ့လမ်းရဲ့ အလယ်လောက်မှာကျပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ စခန်းကုန်းတွေကို တော်တော်များများကိုလည်း လုံခြုံရေးပေးနေတဲ့ စခန်းကုန်းဖြစ်ပါတယ်။ ဆိုတော့ တော်တော်အရေးပါတဲ့ ဗျူဟာကျတဲ့ တပ်စခန်းတစ်ခု ဖြစ်ပါတယ်။”
ပင်မစခန်းကြီးအပြင် အဆိုပါစခန်းကြီးအနီးက ကာကင်းစခန်းတစ်ခုကိုပါ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုင်ထိပ်စခန်းကြီးတည်ရှိတဲ့ ဒေသဟာ တရုတ်နဲ့မြန်မာ နယ်စပ်ကူးသန်းရောင်းဝယ်ရေးအတွက် အရေးကြီးတဲ့နေရာဖြစ်တယ်လို့ နယ်စပ်ဒေသမှာ ကျောက်ကုန်သည်အဖြစ် ကျင်လည်ခဲ့ဖူးတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
အလားတူပဲ ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းက KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တဲ့ တနိုင်းမြို့နယ်၊ တလူးကျေးရွာမှာရှိတဲ့ အထိုင်စခန်းကိုလည်း ဇန်နဝါရီ ၂၈ နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၉ ရက်နေ့မှာတော့ အဲ့ဒီစခန်းမှာရှိတဲ့ ကတုတ်ကျင်းတွေကို မြေညှိပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
“ဒီချင်းတွင်းမြစ်ဘက်ကနေ တက်လာတဲ့စက်လှေတွေ ရေလမ်းကြောင်းတွေကိုထိန်းတဲ့ တပ်စခန်းလည်း ဖြစ်မှာပါ။ နောက်ပြီးတော့ ရွှေမှော်တွေ၊ ရွှေတူးတဲ့နေရာလည်း အများကြီးရှိတယ်ဆိုတော့ သူတို့လည်း အခွန်အကောက်တွေလည်း အများကြီးရမှာပါ။ ကျွန်တော်တို့တပ်ရင်း ၁၄ ဘက်ကိုလည်း ထိန်းထားတဲ့ တပ်စခန်းဖြစ်ပါတယ်။ ဆိုတော့တော်တော်တော့ အရေးပါတဲ့၊ ဗျူဟာကျတဲ့ တပ်စခန်းတစ်ခု ဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
သိမ်းယူခဲ့တဲ့ စခန်းဟာ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နာဂဒေသအစပ်မှာတည်ရှိပြီး ချင်းတွင်းမြစ်ရေလမ်းကြောင်း ကုန်သွယ်ရေးနဲ့ အဆိုပါနေရာမှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ထိန်းချုပ်ထားတဲ့စခန်းဖြစ်တဲ့အပြင် KIA အတွက်ပါ စစ်ရေးအရ အခရာကျတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။