နန်းမားမြို့မှာ လက်နက်ကြီးကြောင့် အရပ်သား ထပ်မံသေဆုံး
29 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ နန်းမားမြို့မှာ စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး အရပ်သားသေဆုံးတဲ့ဖြစ်စဉ် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မိုးညှင်းမြို့ကနေ ဈေးဝယ်ပြီးပြန်လာတဲ့ အမျိုးသားတစ်ဦး နန်းမား၊ ညောင်ပင်သာရပ်ကွက်ကို ဖြတ်သန်းတဲ့အချိန် လက်နက်ကြီးကျပေါက်ကွဲရာက လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“နန်းမားမြို့ နန့်စလော်ရွာကပါ။ မိုးညှင်းကနေ ဈေးဝယ်ပြန်လာတဲ့အချိန် နန်းမားအဝင် ညောင်ပင်သာရပ်ကွက် စာသင်ကျောင်းအနီးမှာ လက်နက်ကြီးထိမှန်တာ”
သေဆုံးသူဟာ အသက် ၆၀ နှစ်အရွယ်ရှိတဲ့ ဦးမြင့်ဖေဆိုသူဖြစ်ပြီး နန်းမားမြို့၊ နန့်စလော်ကျေးရွာမှာ နေထိုင်သူဖြစ်ကြောင်း သိရှိရပါတယ်။
နန်းမားရှိအမြောက်တပ်ဟာ နန်းမားမြို့အရှေ့ဘက်ပိုင်းက ကျေးရွာတွေကို ဦးတည်ကာ လက်နက်ကြီးပစ်ခတ်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း သားအမိနှစ်ယောက်နဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။