နန်းမားအမြောက်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၃ သေ၊ ၆ ဦး ဒဏ်ရာရ
28 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ နန်းမားမြို့မှာ စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတဲ့ဖြစ်စဉ် မနေ့က ဖြစ်ပွါးခဲ့ပါတယ်။
နန်းမား (၃၈၅)အမြောက်တပ်ရင်းက မနေ့မနက်ပိုင်းကစပြီး တနေ့လုံးနီးပါး နန်းမားမြို့အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ လူနေအိမ်တွေမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
လက်ပံတန်းက နေအိမ်တစ်အိမ်မှာ မိသားစုထမင်းစားနေရင်း မီးလုံနေချိန် ကျရောက်ပေါက်ကွဲတာကြောင့် သားအမိနှစ်ဦးသေဆုံးကြောင်း သိရပါတယ်။
“သားအမိ နှစ်ယောက်သေတယ်။ ကလေးကဆေးရုံရောက်လား၊ မရောက်ခင်ပဲလား မသိရသေး ဆုံးပြီ။ ပြီးတော့ အရှေ့ကမ်း၊ တောင်အင်း၊ ကသည်းကုန်း တစ်ယောက် ပွဲချင်းပြီး သေတယ်။”
သေဆုံးတဲ့ သားအမိနှစ်ယောက်ကတော့ အသက် ၃၆ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးဆိုသူနဲ့ သူမရဲ့သမီးဖြစ်တဲ့ အသက် ၄ နှစ်အရွယ် ချိုတာဘီးတို့ ဖြစ်ကြောင်းသိရပြီး ကသည်းကုန်းက သေဆုံးသူ အမျိုးသားနာမည်ကိုကတော့ မသိရှိရသေးပါ။ ဒဏ်ရာရရှိခဲ့တဲ့သူလည်း ၆ ယောက်လောက်ရှိတယ်လို့ သူကဆိုပါတယ်။
အခုလိုမျိုးနန်းမားအရှေ့ဘက်ခြမ်းကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်က နန့်စလော်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့အတွက် တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ဒေသခံတွေကတော့ ဒီကနေ့ညပိုင်းကစပြီး ရှောင်တိမ်းနေကြပြီလို့ ပြောပါတယ်။
“ဒီနေ့တော့ရပ်နေတယ်။ ညတော့အခြေအနေမဟန်လို့ ရွာရှိလူတွေ လယ်တောတဲ၊ ယာခင်း၊ ချောင်းကမ်းဘေးတွေ အလျှိုလျှိုထွက်နေကြပြီ”
မိုးညှင်းမြို့နယ်ရဲ့ စစ်ရေးသတင်းတာဝန်ခံကလည်း တိုက်ပွဲမဖြစ်ဘဲ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်က တစ်ဖက်သတ်ပစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲမဖြစ်ဘူး။ ရှမ်းနီပြည်သူ့စစ်နဲ့ SNA တွေပါတဲ့အုပ်စုတွေ ၃၈၅ (အမြောက်တပ်) ကနေ ရမ်းပစ်တယ်။ မနေ့ကတော့ ရှမ်းနီပြည်သူ့စစ်တွေ နန့်စလော်နားထိ ရောက်လာပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တယ်”
နန်းမား (၃၈၅) အမြောက်တပ်ဟာ ယခင်ကတည်းက အရပ်သားတွေနေအိမ်တွေရှိတဲ့ ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်လေ့ရှိပြီး ဒီလိုပစ်ခတ်မှုတွေကြောင့် အရပ်သားများ သေဆုံးခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့သုံးရက် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း (၃၈၅) အမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ နန်ခမ်းကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။