မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့နယ်ရဲအရာရှိတစ်ဦး သေဆုံးပြီး ထွက်ပြေးနေသည့် စကစ တပ်ဖွဲ့ဝင် ၇၀ ခန့်ကို လိုက်လံဖမ်းဆီးနေရ
25 January 2024 – Kachinwaves
မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ မြို့နယ်ရဲမှူးအရာရှိတစ်ဦး သေဆုံးပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးနေရကြောင်း သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည့် မဘိမ်းမြို့ ရဲစခန်းမှ မြို့နယ်ရဲမှူးတစ်ဦး သေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဘန်ကာအပေါက်သေးသေးလေးကနေ မှန်သွားတာ။ သေချင်လို့ပေါ့။”
မဘိမ်းမြို့သိမ်း တိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀ ဝန်းကျင်ရှိပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်ရန် ကြိုးစားနေသည်ဟု ၎င်းကဆိုသည်။
“လိုက်ဖမ်းနေတုန်း။ လွတ်တော့မလွတ်ဘူး။ ဝိုက်ထားတာ”
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် စစ်ကောင်စီရဲနှင့်စစ်သား ၅ ဦးခန့်နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရှိကြောင်း သိရသည်။
တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့် မဘိမ်းမြို့ရှိ စခန်းများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်အထိုင်ချထားပြီး မြို့ကိုဆက်လက်ထိန်းထားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
မဘိမ်းမြို့သိမ်းစစ်ဆင်ရေးကို ဇန်နဝါရီ ၂၀ ရက်နေ့ကစပြီး KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မဘိမ်းမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး မြို့နေလူဦးရေ လေထောင့်ငါးရာကျော်နှင့် ကျေလက်နေလူဦးရေး သုံးသောင်းခုနှစ်ထောင်ကျော်ရှိသည့် မြို့နယ်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အစိုးရ၏ စာရင်းအရ သိရသည်။