အခိုးခံရ၍ ပြန်လည်တပ်ဆင်ထားေသာ ကေဘယ်မီးကြိုး ထပ်မံဖြုတ်ယူခံရ
25 January 2024 – Kachinwaves
မြစ်ကြီးနားမြို့ ၊စီတာပူရပ်ကွက် တက္ကသိုလ်ကျောင်းအနောက်ဘက်ခြမ်းရှိ အိမ်ခြေခြောက်အိမ်ကို သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ဖြတ်ခုတ်ခိုးယူခံရကြောင်း သိရသည်။
”မနေ့ညက ၃ နာရီလောက်မှ ခိုးခံရတာဟုတ်တယ်။ မီးကဖြတ်ကနဲ့ပြတ်သွားပြီး အသံတွေကြားရတယ်။ လှေကားနဲ့တက်ခိုးသွားတာ။” ဟု အခင်းဖြစ်နေရာနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောပြသည်။
ဒေသခံ၏ပြောပြချက်အရ ၎င်းဓာတ်တိုင်မှ မီးကြိုးများသည် လွန်ခဲ့သည့်ရက်ပိုင်းတွင် တစ်ကြိမ်ခိုးခံခဲ့ရပြီး ပြန်လည်တပ်ဆင်ထားရာ ယမန်နေ့ည ထပ်မံခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
နောက်ထပ် ခိုးယူခံရလျှင် ပြန်လည်တပ်ဆင်မည့် ကုန်ကျစရိတ်ကို နေအိမ်ပိုင်ရှင်များ ကုန်ကျခံရမည်ဟု သက်ဆိုင်ရာက ပြောကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
”ဒီတစ်ကြိမ်ပါ ထပ်ခိုးခံရရင် ကိုယ်ဝယ်တပ်ရမယ်ပြောတယ်။ တစ်အိမ်ဆိုရင် ကုန်ကျစရိတ်က ၅ သိန်းကျော်လောက်ရှိမယ်တဲ့” ဟု၎င်းက ပြောသည်။
မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများပေါလာ၍ လုယက်မှုများအပြင် ယခုလို မီးကြိုးများခိုးယူခံရမှုသည် မကြာခဏဖြစ်ပေါ်နေလျက်ရှိသည်။