မိုးမိတ်မြို့သိမ်းတိုက်ပွဲ တပ်စခန်းအချို့သိမ်းပိုက်နိုင်ပြီး ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေ၊ အရပ်သားထိခိုက်မှုရှိပြီး စစ်ရှောင်နေရ
26 January 2024 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
KIA နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေသည့် မိုးမိတ်မြို့မှ စစ်ကောင်စီတပ်စခန်းအချို့ကို ရရှိထားပြီဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ရဲစခန်းနဲ့ စစ်တပ်ကုန်းတွေရော သိမ်းမိပြီဆိုတဲ့သတင်းလောက်တော့ ကြားရပါတယ်။ နောက်ဆက်တွဲ သတင်းတွေကတော့ မကြားရသေးပါဘူး။”
ဗျူဟာကုန်းရရှိနိုင်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်တိုက်ခိုက်နေကြပြီး မြို့အတွင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ရှောင်နေသည့် မိုးမိတ်ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုသည်။
“မြို့ထဲတော့ပစ်ခတ်သံတွေ ကြားနေရသေးတယ်။ ဗျူဟာကုန်းကို စတိုက်နေပါပြီ”
ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် အသေးစိတ်အခြေအနေကို မသိရှိရသေးသော်လည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၀ ကျော်သေဆုံးကြောင်း ဒေသခံထံမှ သိရသည်။
မြို့အတွင်းကျန်ရှိနေသေးသည့် ဒေသခံပြည်သူများကို ဇန်နဝါရီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး မြို့တွင်းမှ ထွက်ခွာခိုင်းထားသည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။
မိုးမိတ်မြို့သိမ်းတိုက်ပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီး KIA၊ AA၊ ABSDF နှင့် NUG အောက်မှ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
===