စစ်ကောင်စီက ဒေသခံများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် တာပိန်မြစ်ဝါးတံတားကို ဖျက်ဆီးခိုင်း
24 January 2024 – Kachinwaves
KIA၊ PDF တို့ သွားလာနေသည်ဟုဆိုကာ စစ်ကောင်စီက ဗန်းမော်မြို့ စင့်ကင်ကျေးရွာအပြင် တာပိန်မြစ်အနောက်ဘက်ရှိ ကျေးရွာပြည်သူများ အားထားနေရသော တာပိန်မြစ်ဝါးတံတားကို ဖျက်ဆီးခိုင်း၍ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
၎င်းတာပိန်မြစ်ဝါးတံတားသည် ကျေးရွာပြည်သူများ ဗန်းမော်မြို့နှင့် ကူးလူးသွားလာရန် နှစ်စဉ် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ယူရသည့် တံတားရှည်ကြီးဖြစ်သည်။ မိုးရာသီတွင် မြစ်ရေတက်လာ၍ တံတားပျက်စီးသွားပြီး မိုးရာသီအကုန်တွင် ပြည်သူများ ကိုယ်ထူကိုယ်ထ ပြန်လည်ဆောက်လုပ်ကြသည့် တံတားဖြစ်သည်။
အဆိုပါ တံတားကို ယခုလ ဇန်နဝါရီ ၆ ရက်နေ့ကမှ စင့်ကင်ကျေးရွာပြည်သူများက ဆောက်လုပ်ပြီးစီးခဲ့ရာ စစ်ကောင်စီ၏ အမိန့်ကြောင့် ယမန်နေ့က ဖျက်ပစ်လိုက်ရသည်ဟု ဒေသခံက ဆိုသည်။
“တံတားကို ဖျက်ဆီးလိုက်တော့ စင့်ကင်ရွာကနေ ဗန်းမော်ကို သွားလာရေးလုပ်တဲ့အခါမှာ အခက်အခဲတွေနဲ့ကြုံရတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးပစ်တယ်။ ဒါပေမဲ့ ရွာထဲမှာတော့မကျဘူး။ သဲသောင်ပြင်တွေရှိတဲ့ ကျွန်းဘက်မှာသွားကျတယ်။” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တာပိန်မြစ်ပေါ်တွင် ဆောက်လုပ်ထားသော ဝါးတံတားသည် ပေပေါင်းတစ်ထောင်ကျော်ခန့်ရှည်ပြီး စင့်ကင်ရွာသားများ သာမက အခြားရွာမှပြည်သူများလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများနှင့် ဒေသစီးပွားရေးအတွက် နေ့စဉ်အသုံးပြုနေရသည့် တံတားဖြစ်သည်။