စစ်ကောင်စီ ချိပ်ပိတ်ထားသည့် NLD အမတ်၏နေအိမ် ရှို့မီးကြောင့် မီးလောင်ပျက်စီးသွား
24 January 2024 – Kachinwaves
NLD ပါတီ ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ ချိတ်ပိတ်ခံထားရသည့် နေအိမ် ယမန်နေ့ည ၁၂ နာရီကျော်အချိန်တွင် ရှို့မီးကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု ဦးဇော်သင်းက ပြောသည်။
၎င်းနေအိမ်သည် ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့ကတည်းက ချိပ်ပိတ်ခံထားရသော နေအိမ်ဖြစ်ပြီး လူမနေဘဲ လျှပ်စစ်မီး မီတာဘောက်များကိုလည်း ဖြုတ်ထားခံရသည့် အိမ်ဖြစ်ကြောင်း သိရသည်။
ဦးဇော်သင်း၏ နေအိမ်ခြံဝင်းသည် ဗန်းမော်မြို့ နောင်ခိုရပ်ကွက် ရွှေကျီးနားဘုရား သွားသည့်လမ်းဘေးက ထရံကာနှစ်ထပ်အိမ်ကြီးဖြစ်ပြီး ခြံဝင်းဧကဝက်ခန့်ကျယ်ကာ လူမနေသည်မှာ ကြာပြီဖြစ်၍ ချုံနွယ်ထူနေပြီ ဖြစ်ကြောင်းနှင့် ရှို့မီးကြောင့် လောင်သည်ဟု ဆိုသည်။
“အိမ်ပတ်ပတ်လည်ကို ဓါတ်ဆီနဲ့ ပက်ပြီး ရှို့တဲ့သဘောပေါ့။ လေင်မယ်ဆိုရင် တစ်နေရာကနေ စလောင်မယ်လေ၊ အခုဟာက ပတ်ပတ်လည် အောက်ထပ်ရော အပေါ်ရောအကုန် ထရံထည်အိမ်ဆိုတော့ ဓါတ်ဆီနဲ့ ပက်တော့ တပြိုင်တည်းလောင်တာပေါ့။” ဟု အိမ်ရှင် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက ပြောသည်။
လက်ရှိစစ်ကောင်စီသည် ယခင် နဝတ၊ နအဖ စစ်အာဏာရှင်များထက် ဆိုးရွားပြီး လူ့အခွင့်အရေးအပြင် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု ဦးဇော်သင်းက ပြောသည်။ ထို့အပြင် နိုင်ငံရေးသမားမှန်လျှင် စွန့်လွတ်စွန့်စား အနစ်နာခံပေးဆပ်ပြီး အလုပ်လုပ်ရမည်ဆိုသည်မှာ သိပြီးသားဖြစ်သည်ဟုလည်း ဆိုပါသည်။
စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ချိပ်ပိတ်ခံရသည့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို ဖျက်ဆီးပစ်ခဲ့သည်။