ဖားကန့်နှင့် ဝိုင်းမော်မြို့ရှိ စကစ တပ်စခန်းနှင့် ပြည်သူ့စစ်စခန်းများကို KIA တိုက်ခိုက်နေဆဲ
23 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် KIA တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား – ဗန်းမော်လမ်း၊ ဝိုင်းမော်မြို့နယ် ဂျာပူ (မလန်းယန်) ကျေးရွာနှင့် ဆမားလမ်းခွဲအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း KIO သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ထို့အပြင် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီး၌ စခန်းချထားသော ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့၏ စခန်းကို KIA မှ ယမန်နေ့ညက သွားရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ KIA တပ်မဟာ (၉) နယ်မြေ အောင်လဲန် (Awng Len) ရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးက ဖော်ပြထားသည်။