တိုက်ပွဲဖြစ်လာ၍ အင်းတော်ကြီးဒေသ နမ့်မွန်းမြို့ ပြည်သူများတိမ်းရှောင်
24 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့မှာ ယမန်နေ့ညက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် ဒေသခံများထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ယမန်နေ့ည ၉ နာရီဝန်းကျင်က နန့်မွန်းမြို့ဇာတ်ရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို KIA အမှတ် ၂၆ တပ်ရင်း တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အင်းတော်ကြီးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါသည်။
“ရှမ်းနီပြည်သူ့စစ်တွေက ရွာထဲနေထားလို့ ကျွန်တော်တို့အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းနဲ့သွားရောက် ပစ်ခတ်ခဲ့တာပါ။ ပြည်သူ့စစ်ကိုပစ်တာ သူတို့ကရွာထဲနေထား (တပ်စွဲထား)လို့ အပစ်ရပ်ထားပါတယ်။ အကျအဆုံးကိုတော့ ပြောလို့မရသေးပါဘူး။”
KIA အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဘက်က တစ်ဖက်သတ်ပစ်ခတ်မှု ဆက်လက်ပြုလုပ်ခဲ့သည်ဟု နမ့်မွန်းမြို့နေ ဒေသခံတစ်ဦးထံမှ သိရသည်။
တင်းမာလာသည့် စစ်ရေးအခြေအနေကြောင့် ယနေ့နံနက်တွင် နန့်မွန်းဒေသခံများ အားလုံးနီးပါး ရှောင်တိမ်းနေကြကြောင်းလည်း ၎င်းက ပြောသည်။
“ဒီမနက်တော့ ငြိမ်နေတယ်။ KIA က ရှောင်ခိုင်းလို့ တစ်မြို့လုံးပြေးကုန်ကြပြီ။ လူကြီးပိုင်းပဲကျန်တယ်။”
ယနေ့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် နန့်မွန်းမြို့ထဲ စစ်ကြောင်းစဝင်လာပြီး ဒေသခံများ စတင်ရှောင်တိမ်းကြရာ အိမ်စောင့်အဖြစ် ကျန်နေခဲ့သူများကလွဲ၍ အများစုမှာ မိုးညှင်းမြို့၊ ဟိုပင်မြို့များသို့ ရှောင်တိမ်းသွားကြကြောင်း သိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း အင်းတော်ကြီးဒေသ၊ ညောင်ပင်ကျေးရွာအဝင်၌ စခန်းချထားသည့် စစ်ကောင်စီရှေ့တန်းစခန်းကို KIA တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။