မြစ်ကြီးနားမြို့တွင် ပေါက်ကွဲသံများ ညဆက်ကြားလာရ
24 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲသံများ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ညတိုင်းလိုလိုကြားနေရကြောင်း သိရသည်။
ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ KIA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲအရှိန်မြင့်တက်လာခဲ့ရာမှ မြစ်ကြီးနားမြို့တွင်း၌လည်း ဆက်တိုက်ဆိုသလို စစ်တပ်များ၊ ရဲစခန်းများ အနီးတဝိုက်နှင့် စစ်ကောင်စီ၏ ရုံးပိုင်းဆိုင်ရာ အနီးပတ်ဝန်းကျင်များတွင် ပေါက်ကွဲမှုများ ညတိုင်းလိုဖြစ်ပွားလာကြောင်း သိရသည်။
”မနေ့ညလည်း ၈ နာရီကျော်ကျော်လောက်မှာ ဗုံးပေါက်တယ်။ သုံးလေးချက်လောက် မြည်တာ၊ ကျန်တဲ့ညတွေဆိုလည်း အဲ့လိုပဲ၊ ခုတလော ဆက်တိုက်ကိုဖြစ်နေတာ၊ နေရာတော့ အတိအကျမသိဘူး။ ခုကဖြစ်ပြီဆို တစ်ချိန်ထဲကို သုံးလေးနေရာ ပေါက်ကွဲတာတွေရှိတယ်။ အဲ့လိုဖောက်ခွဲခံရရင် စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပြန်ပစ်ပြီး ဘေးပတ်ဝန်းကျင်တွေကို သေနတ်ဖောက်တာမျိုးတွေလုပ်တော့ ခုတလောညညဆို လန့်နေရတယ်။”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပြသည်။
ယခုလို စစ်ရေးအရှိန်မြင့်၍ မြို့တွင်း၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းနှင့် ပတ်သတ်၍ နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးကလည်း ယခုလိုပြောသည်။
”အခုလို အခြေအနေနဲ့ ပတ်သတ်ပြီး ကျတော့်အမြင်က နောက်ပိုင်းတွေ စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်။ ပြီးတော့ ဒီလိုဖောက်ခွဲတာက PDF တွေရဲ့ မြို့တွင်းစမ်းသပ် စစ်ဆင်ရေးလည်း ဖြစ်နိုင်သလို စစ်တပ်ဘက်က တန်ပြန်ပစ်ခတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆက်တွဲက ပိုမိုပြင်းထန်လာဖို့ပဲရှိတာကြောင့် အကုန်လုံးလည်း လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ပြီး သတိကြီးကြီးနေဖို့ပဲ အကြံပေးချင်ပါတယ်။”ဟု ၎င်းက ပြောသည်။
အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ခေမာသီရိရပ်ကွက် အမှတ် ၂ ရဲစခန်း၊ ပမ္မတီးရပ်ကွက် ရွှေပြည်သာအုပ်ချုပ်ရေးမှူးရုံးနှင့် ကချင်စုရပ်ကွက်များတွင် ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုများ ရှိခဲ့သည်။