ကလေး (၅) ယောက်မိခင် PDF တပ်ဖွဲ့ဝင် အမျိုးသမီးကို KIA က တပ်ကြပ်ကြီးရာထူး ချက်ချင်းတိုးပေး
22 January 2024 – Kachinwaves
ဖားကန့်မြို့၊ ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင် ကလေငါးယောက်၏ မိခင် ဒေါ်ဂျန်မော်ခေါန်ရှောင် (ခ) မချောစုအား KIA စစ်ရုံး (Dai Lawn Rung) က တပ်သားအဆင့်မှ တပ်ကြပ်ကြီးဆင့်သို့ ရာထူးတိုးဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း KIO သတင်းပြန်ကြားရေး သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။
ဒေါ်ဂျန်မော်ခေါန်ရှောင် (ခ) မချောစု သည် စခန်းသိမ်းတိုက်ပွဲအစမှ အဆုံးအထိ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပါဝင်ခဲ့ကြောင်း၊ ၎င်းအား ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းသည် စစ်အာဏာမသိမ်းမီက စက်ချုပ်သည့်အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြင့် သားသမီးများကို ပြုစုစောင့်ရှောက်နေသော မိခင်တစ်ဦး ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်တွင် အနာဂတ် သားသမီးများ၏ ရှေ့ရေးအတွက် အာဏာရှင်ကို တော်လှန်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သို့ ဝင်ရောက်လာသည့် အမျိုးသမီးဖြစ်ကြောင်း ဖော်ပြထားသည်။
ရာထူးတိုးမြင့်ခြင်းနှင့်အတူ ရွှေဆွဲကြိုးနှင့် ငွေသားများကိုလည်း ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း KIO သတင်းပြန်ကြားရေးက ဖော်ပြထားသည်။
ဖားကန့်မြို့ ဝှေခါကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် နန့်တိန်စခန်းကို ဇန်နဝါရီ ၆ ရက်နေ့မှစပြီး KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာ ဝှေခါစခန်းကုန်းကို ဇန်နဝါရီ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။