မိုးမိတ်မြို့တွင် လေယာဉ်ဗုံးကြဲမှုနှင့် စကစ တပ်၏အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး
22 Jauary 2024 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် တိုက်ပွဲအတွင်း လက်နက်ကြီး၊ လေယာဉ်ဗုံးထိမှန်မှုနှင့် စစ်ေကာင်စီတပ်၏အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးကြောင်း သိရသည်။
သေဆုံးအရပ်သား ၇ ဦးအနက် အမျိုးသား ၂ ဦးမှာ စစ်ေကာင်စီတပ်ကအကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သေဆုံးသူ ၂ ဦးနှင့် ခင်မင်ရင်းနှီးခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။
“လောလောဆယ်တော့ စစ်တပ်ကအကြောင်းမဲ့ ပစ်သတ်တာတော့ ကိုရှမ်းလေးသိတယ်။ ကိုစည်သူဆိုတာ သိတယ်။ ကိုစည်သူဆိုတာတော့ ကွမ်းဆိုင်ဖွင့်ထားတဲ့အစ်ကိုတစ်ယောက်”
ကျန်လေးဦးဖြစ်သော အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦးမှာ လက်နက်ကြီးနှင့် လေယာဉ်ဗုံး ထိမှန်ပေါက်ကွဲသည့်အတွက် သေဆုံးရခြင်းဖြစ်ပြီး ကိုယ်ရေးအချက်အလက်များကို အတိအကျမသိရှိရကြောင်း ထပ်မံပြောဆိုသည်။
“နာမည်တော့ အတိအကျမသိရသေးဘူး။ လက်နက်ကြီးထိတာတွေဗျ။ အမျိုးသမီးက ၃ ယောက်လို့တော့ သိထားရပြီ”
၎င်းတို့ ၇ ဦးအပြင် ထပ်တိုးသေဆုံးသူများလည်းရှိနိုင်ပြီး လက်နက်ကြီးကြောင့် ဒဏ်ရာရသူများမှာလည်း ၁၅ ဦးအထက်ရှိကြောင်း သိရသည်။
မြို့အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် လူနေအိမ် ၁၀၀ ထက်မနည်းပျက်စီးရပြီး ပြည်သူများ၏ နွားများလည်းသေဆုံးကြောင်း ၎င်းကဆိုသည်။
KIA၊ AA၊ ABSDF နှင့် NUG အောက်မှ တော်လှန်ရေးတပ်ပေါင်းစုတို့သည် မိုးမိတ်မြို့ သိမ်းတိုက်ပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်နေခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ပြီး မြို့အတွင်းပိတ်မိနေသည့် ဒေသခံပြည်သူများလည်း ရှိနေသည်။