မံဝိန်ကြီးရှိ စစ်ကောင်စီ၏ စခန်း ၃ ခုကို KIA နှင့် PDF တို့က သိမ်းပိုက်ခဲ့
22 January 2024 – Kachinwaves
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီ ရဲစခန်း၊ တပ်စခန်းနှင့် နယ်စပ်စုပေါင်းဂိတ်တို့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မံဝိန်းကြီးတပ်စခန်းနှင့် ရဲစခန်းတို့ကို ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ် – မြန်မာနယ်စပ်ရှိ နောင်မွန်စုပေါင်းဂိတ်စခန်းကို ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။
“မန်ဝိန်းကြီးမှာ စစ်တပ်ကတော့ ကောင်းခန်ဆိုတဲ့တောင်ပေါ်မှာ တည်ထားတဲ့တပ်စခန်း ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ တရုတ်နယ်စပ်ဘက်မှာ စုပေါင်းဂိတ်၊ ဒါကတော့နောင်မွန်လို့ ခေါ်တာပေါ့ ရှမ်းနာမည်နဲ့ခေါ်တာ ဖြစ်ပါတယ်။”
ရဲစခန်းနှင့်စစ်တပ်စခန်းကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် မန်ဝိန်းကြီးကျေးရွာကို လာရောက်ဗုံးကြဲခဲ့ရာ အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း မန်ဝိန်းကြီးကျေးရွာအနီးရှိ ဂေါင်ငူယန် (Gawk Ngu Yang) စစ်ကောင်စီ (ခမရ ၄၂၄ ) တပ်စခန်းကို ကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။