ဖားကန့် ဝှေခါစစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကူလာသည့် စကစ တပ်နှင့် ဆိုင်းတောင်ရွာတွင် တိုက်ပွဲဖြစ်
20 January 2024 – Kachinwaves
ဆိုင်းတောင်ကျေးရွာတွင် ဝှေခါဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယခုလက်ရှိ တိုက်ပွဲဖြစ်ပွါးနေကြောင်း သိရသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ကစပြီး ဆိုင်းတောင်ကျေးရွာအဝင်တွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွါးခဲ့ကြောင်း ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
မွန်းလွဲ ၃ နာရီတွင် ငြိမ်သက်သွားသော်လည်း ညနေခင်း ၄ နာရီကျော်မှစတင်ကာ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွါးလာပြီး တိုက်ပွဲသည်ကျေးရွာအတွင်းထိ ရောက်လာကြောင်း ဆိုင်းတောင်ကျေးရွာမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“တိုက်ပွဲ၊ အပြန်အလှန်ပစ်ခတ်တယ်။ လက်နက်သံအစုံပဲ။ အစကတော့ ဟိုး ဆိုင်းအောင် ရပ်ကွက်ဘက်ပဲ။ အခုက မှော်ရှန် ဆိုင်းတောင်ထဲ ရောက်လာသလိုပဲ။ အသံက နီးနီးလာတယ်”
ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများလည်းရှိပြီး ရွှေခြင်္သေ့ဆီဆိုင်အနီး လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းကဆိုသည်။
တိုက်ပွဲမှာ ရုတ်တရက်ဖြစ်ပွါးလာသည့်အတွက် ရှောင်တိမ်းချိန်မရဘဲ ကျေးရွာနေပြည်သူအများစုမှာ နေအိမ်တွင်သာ ပိတ်မိနေသည်ဟု ဆိုသည်။
“မထွက်ကြရသေးဘူး။ တိုက်ပွဲဖြစ်နိုင်တယ်။ ရှောင်ပေးကြပါဆိုပြီး ကြိုတင်အသိပေးတာမျိုးလည်း မရှိဆိုတော့၊ အိမ်တိုင်း သူ့အိမ်ငါ့အိမ်မှာတွေပဲ နေနေကြရတုန်း။ ဘာမှ ရှောင်တိမ်းချိန် ပြင်ဆင်ချိန် မရကြဘူးရော။ အခုလိုမျိူးကြီး ဖြစ်လာမယ်လည်း မထင်ထားဘူး။”
သတင်းရေးသားနေသည့်အချိန် ညနေခင်း ၆ နာရီတွင် ဆိုင်းတောင်ကျေးရွာ၊ မှော်ရှန်ရပ်ကွက်အတွင်း ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ဆိုသည်။
ဇန်နဝါရီ ၆ ရက်နေ့မှစပြီး ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် နန့်တိန်းကျေးရွာရှိ စစ်ကောင်စီစခန်းတို့ကို KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာ ဝှေခါစခန်းကုန်းကို ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး နန့်တိန်းစခန်းကုန်းကို လွန်ခဲ့သည့်ရက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။