ဒီပဲယင်းက ဥပဒေတာဝန်ခံအမျိုးသမီးနဲ့ အမျိုးသား ၃ ဦးအား စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးသတ်ဖြတ်သွား
20 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဥပဒေတာဝန်ခံ အမျိုးသမီးတစ်ဦးနှင့် အခြားပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
အမျိုးသမီးသည် ဥပဒေတာဝန်ခံဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးနှင့် နီးစပ်သူများထံမှ သိရသည်။
ဇန်နဝါရီလ ၁၈ ရက်မနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ပါရှိသောစစ်ကောင်စီစစ်ကြောင်းသည် မဲအိုးလေးရွာထဲသို့ ရုတ်တရက်ဝင်လာရောက်ပြီး ပြည်သူ ၂၀ ဦးခန့်အား လက်ယက်ကုန်းရွာဘက်သို့ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ပြည်သူများထဲမှ တရားရေးတာဝန်ခံ အသက် ၃၈ နှစ်အရွယ် မခင်နှင်းဌေးကို စစ်ကောင်စီစစ်ကြောင်းက ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရကာ အလောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကိုဇော်ဝင်း အသက် (၅၀) နှစ်ကျော်အရွယ်၊ ကိုဇော်ထွန်းဝင်း (၅၀)နှစ်အရွယ်နှင့် ကိုအောင်မြင့်ကျော် (ခ) ကိုကုလားလေး အသက် (၄၀) နှစ်အရွယ်တို့လည်း ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ဖြတ်ကာ သတ်ဖြတ်ခံရကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
Kachinwaves ရရှိထားသည့် ဓါတ်ပုံများတွင် ခေါင်း၊ လက်၊ ခြေ စသည့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ဖြတ်ခံထားရသည့် အလောင်းများကို တွေ့ရသည်။
“သူတို့ (စကစ) တွေ ရေဦးဘက် ပြန်ထွက်သွားတဲ့အချိန် နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ အပိုင်းပိုင်းခုတ်ဖြတ်ခံထားရတဲ့အလောင်းတွေ တွေ့ရှိရတယ်။ နေအိမ်တစ်လုံးထဲမှာလည်း အမျိုးသမီးလို့ ယူဆရတဲ့ မီးရှို့ခံထားရတဲ့ အလောင်းတွေ့တယ်။”ဟု ၎င်းရဲဘော်များက ဆိုသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ရေဦးမြို့နယ် ဇိမ်ဇွန်းရွာမှ ပြည်သူတစ်ဦးအား ထပ်မံသတ်ဖြတ်ခဲ့သေးကြောင်း သိရသည်။
ယခုအခါတွင် စစ်ကောင်စီတပ်များမှာ ရေဦးနယ် မုတ်ဆီကျေးရွာတွင် ရောက်ရှိနေပြီး ပြည်သူ ၁၄ ဦးမှာလည်း ဆက်လက်ဖမ်းဆီးခံထားရကြောင်း သိရသည်။