အင်းတော်မြို့နယ်တွင် ဖမ်းမိခဲ့သည့် သစ်များကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က လေလံတင်ရောင်းချခဲ့သည်ဟု ဆို
20 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေး၏ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် သစ်များကို လေလံတင်ရောင်းချခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် အင်းတော်မြို့အနောက်ဘက် အင်းတော်နယ်နှင့် ဗန်းမောက်နယ်အစပ်တွင် သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။
“ဗန်းမောက် တောင်ပိုင်းဘက်မှ ခုတ်ခဲ့တဲ့သစ်တွေကို အင်းတော်ကနေဖြတ်ပြီး သယ်တဲ့အချိန်မှာ ဖမ်းဆီးခဲ့တာ”ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နှင့် နီးစပ်သူက ဆိုသည်။
သစ်လုပ်ငန်းရှင်များမှာ ကချင်ပြည်နယ် ဗန်းမော်ဘက်မှဖြစ်ပြီး၊ မိုးရာသီကုန်ပြီးနောက် သစ်ပြန်လုပ်နေသည်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ကတည်းကဖြစ်ကြောင်း အမည်မဖော်လိုသည့် အသက် ၄၀ နှစ်အရွယ်ဒေသခံတစ်ဦးက ပြောသည်။
“လုပ်နေတာက ၂ လကျော်ကြာပြီ ဖမ်းတာကိုက အခုမှဖမ်းတာ သယံဇာတတာဝန်ခံ တာဝန်က ရပ်ဆိုင်းခံရတဲ့အချိန် ရပ်ကျေးဥက္ကဌတွေနဲ့ လွှဲထားတာ အခုသူတို့ ဘာပြဿနာဖြစ်ကြလဲတော့ မသိဘူး။ ရုတ်တရက် ကောက်ဖမ်းလိုက်တာ။”ဟု ဒေသခံက ဆိုသည်။
တိုင်ကြားခံရသော အင်းတော်မြို့နယ်မှ သယံဇာတစီမံအုပ်ချုပ်မှု တာဝန်ခံအပါအဝင် အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ခံများ ၅ ဦးတို့ကို လုပ်ငန်းကိစ္စစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းလွဲမှားမှုများတွေ့ရှိသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလတွင် တာဝန်များမှ ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသောသစ်များမှာ ပြည်ပပို့ကုန်အရွယ်အစား (Export size Square) တုံး၊ အတုံး ၁၅၀ နှင့် အိမ်သုံးအရွယ်အစားသစ် ၉ တန် ဖြစ်ကြောင်းလည်း မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
Export size အရွယ်အစား သစ်များအား ကျပ်သိန်း ၁၀၀ ဖြင့် လေလံဆွဲခဲ့ပြီး ကျန်သစ် ၉ တန်အား တစ်တန်လျှင် ကျပ် ၁၉ သိန်းဖြင့် လေလံဆွဲခဲ့ကြောင်း သိရသည်။
၎င်းသစ်များအား ဖမ်းဆီးခံခဲ့ရသည့် သစ်လုပ်ငန်းရှင်များသာ ပြန်လည်ဝယ်ယူသွားကြောင်းလည်း သိရသည်။
အင်းတော်မြို့နယ် ပအဖ တာဝန်ခံ အခွန်တော်အရာရှိ ဦးရွှေရ ကတော့ အင်းတော်နယ်မြေအတွင်း သစ်ထုတ်လုပ်မှုမရှိဘဲ ဗန်းမောက်တွင် သစ်ထုတ်နေကြောင်း၊ ဗန်းမောက်မှ ထုတ်လုပ်လာသော သစ်များကို အင်းတော်နယ်မြေအတွင်း ဖြတ်သယ်လာစဉ် ဖမ်းမိသည့်သစ်များရှိသလို လွတ်သွားသည့် သစ်များလည်း ရှိသည်ဟု ဖြေဆိုကြောင်း သိရသည်။
ဖမ်းမိထားသည့်သစ်များကို NUG သယံဇာတက ညွန်ကြားထားတဲ့အတိုင်း ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပါသည်ဟု ပြောဆိုကြောင်းလည်း သိရသည်။
အင်းတော်ဒေသခံ အသက် ၄၀ နှစ်အရွယ် ပြည်သူတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာ “နေရာအနှံ့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေ ရှိနေတဲ့အတွက် လွတ်သွားတဲ့ ကားတွေကတော့ ရှိစရာအကြောင်း မရှိပါဘူး။ ပိုက်ဆံပေးလို့ တမင်လွတ်လိုက်တာပဲ ဖြစ်မှာပါ။”ဟု မှတ်ချက်ပြုထားသည်။
ဗန်းမောက်ဘက်သို့ သစ်ခုတ်သူများ၊ သစ်တင်ကားများနှင့် သစ်သယ်ကားများ အင်းတော်နယ်ဖြတ်ကာ နေ့စဉ်သွားလာနေကြောင်း အသက် ၂၀ နှစ်ကျော်အရွယ် အင်းတော်ဒေသခံတစ်ဦးကလည်း ပြောသည်။
“သစ်အငှားခုတ်သွားတဲ့ ဆိုင်ကယ်တွေ နေ့စဉ်သွားနေကြတာ တစ်နေ့ကို အစီး ၃၀ လောက်ရှိမယ်။ သစ်တင်ကားတွေရော သစ်သယ်ကားတွေရော အစုံပါပဲ အကုန်လုံးက ဗန်းမောက်ဘက်ကိုပဲ သွားကြတာ”ဟု ဆိုသည်။
သစ်အငှားခုတ်သူများသည် နေ့စားခအနေဖြင့် တစ်တန်လျှင်ကျပ် ၅ သိန်းရရှိပြီး သစ်ခုတ်ပြီးသွင်းလျှင် ကျပ်သိန်း၂၀ ထိရရှိကြောင်း သိရသည်။
“ဆိုဒ်က နှစ်ဆိုဒ်ရှိတာ ပထမတစ်ခုက သစ်ကွက်ဝယ်ပြီး သူတို့ကိုယ်တိုင်ခုတ်ပြီးရင် တစ်တန်ကို ဘယ်လောက်ဆိုပြီး ကုန်သည်ကိုသွင်းတာ၊ သစ်တွေခုတ်ပြီးပြီဆို ကုန်သည်တွေက လာကြည့်တာ။ ဒုတိယတစ်ခုက လုပ်ငန်းရှင်တွေက သစ်ကွက်ရှာပြီး သစ်ခုတ်သူတွေကို နေ့စားရှာပြီးငှားတာ”ဟု သစ်အကြောင်းနှံ့စပ်စွာသိသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပြသည်။
သစ်များအား အင်းတော်နယ်ကိုဖြတ်ကာ ကသာ၊ ချောင်းဦးမှတဆင့် ကချင်ပြည်နယ် ရွှေကူဘက်သို့ပို့ပြီးနောက် တရုတ်လုပ်ငန်းရှင်များက ပြန်လည်ဝယ်ယူကြကြောင်း သိရသည်။