ဖားကန့် ဝှေခါစခန်းကို KIA သွားရောက်တိုက်ခိုက်၊ စကစ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ကူပေး
18 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး လက်နက်ကြီးလှမ်းကူပစ်ပေးသည့် ဖားကန့်ဗျူဟာကုန်းကိုလည်း KIA က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်ကစတင်ပြီး ဝှေခါကျေးရွာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး ၁၅ ချက်ထက်မနည်း လှမ်းပစ်ကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ညနေ ၅ နာရီခွဲတွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝှေခါကျေးရွာမှ နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်းလည်း ၎င်းထံမှ သိရသည်။
ထို့နောက် ညနေစောင်းအချိန်တွင် အခြေအနေငြိမ်သက်သွားသော်လည်း ညဦးပိုင်းတွင် KIA အဖွဲ့က ဖားကန့်ဗျူဟာကုန်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်သည့်အတွက် လက်နက်ကြီး၊ ငယ်ပစ်ခတ်သံများ ပြန်လည်ဆူညံလာသည်ဟု ဆိုသည်။
“ခုတစ်ခါ ငြိမ်ပြီထင်တာ မြို့ပေါ်မှာလာအုပ် (ပစ်)တာနေမှာ။ ဗျူဟာမှာလည်း ချနေတယ်။ ဗျူဟာကလည်း ပြန်ပစ်တယ်။”
သတင်းမေးမြန်းနေသည့် ၈ နာရီကျော်အထိ ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်နေဆဲ ဖြစ်သည်။
ဖားကန့် ဗျူဟာကုန်းသည် ဖားကန့်မြို့ မြို့မနှင့် မှော်ဝမ်းရပ်ကွက်အတွင်းတွင် တည်ရှိသည်။ ဖားကန့်မြို့နယ်တွင် ဇန်နဝါရီလ ပထမအပတ်မှစပြီး တိုက်ပွဲများပြန်လည် ဖြစ်ပွားနေပြီး ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် စခန်းသိမ်းတိုက်ပွဲတွင် ဝှေခါကျေးရွာရဲစခန်းနဲ့ စခန်းကုန်းတစ်ခုကို KIA က ရရှိခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသည့် ဝှေခါဗျူဟာကုန်းနှင့် နန့်တိန်းအထိုင်စစ်စခန်းကို KIA အဖွဲ့က ပိတ်ဆို့ပြီး ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။