စကစ အလံဖြူထောင် လက်နက်ချခဲ့တဲ့ မိုးမိတ်မြို့ရဲစခန်းအနီး တိုက်ပွဲပြန်ဖြစ်နေ
19 January 2024 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ ဒီကနေ့မနက် ၆ နာရီခွဲကစပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံတွေလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားကြောင်း သိရပါတယ်။
ညပိုင်းမှာ ပစ်ခတ်သံတွေ တိတ်ဆိတ်သွားပေမယ့် ဒီမနက်အစောပိုင်းကစပြီး မြို့တွင်းမြို့လယ်၊ ကျီတော်စုရပ်ကွက်၊ ဟော်နန်ရပ်ကွက်၊ အ.ထ.က ၁ ကျောင်းနားနဲ့ ရဲစခန်းပတ်ဝန်းကျင်တို့မှာ ပစ်ခတ်သံတွေ ပြန်လည်ဆူညံလာတာဖြစ်တယ်လို့ မြို့ပေါ်နေဒေသခံ လူငယ်အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ညပိုင်းကတော့ ငြိမ်တယ်။ မနက်ပိုင်းလောက်မှ လက်နက်ငယ်သံတွေ ပြန်ကြားရတာ”
မနေ့က အလံဖြူထောင်လက်နက်ချသွားတဲ့ ရဲစခန်းကိုပြန်ရဖို့စစ်တပ်က ပြန်လည်ကြိုးစားနေတယ်လို့ ဒေသခံတွေကဆိုကြပြီး လက်နက်ကြီးကျည်နဲ့ ကျည်ဆံတွေဟာ သူတို့ခေါင်းပေါ်ပျံဝဲနေတယ်လို့ ဆိုပါတယ်။
နေအိမ်တွေမှာ လက်နက်ကြီးပေါက်ကွဲတာတွေ၊ ကျည်ထိမှန်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။
သတင်းရေးသားနေတဲ့မနက် ၁၀ နာရီထိုးခါနီးအချိန်မှာပဲ တိုက်လေယာဉ်တစ်စီးနဲ့ ဗုံး လာကြဲသွားတယ်လို့ အထက်ပါ လူငယ်အမျိုးသားတစ်ဦးက ဆိုပါတယ်။
မိုးမိတ်မှာ မနေ့မနက် ၅ နာရီကတည်းကစပြီး ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ABSDF နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးမိတ်ဗျူဟာကုန်းကို သိမ်းနိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၃ ကြိမ်၊ ရဟတ်ယာဉ်နဲ့ တစ်ကြိမ်ဗုံးလာကြဲပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၁၀ ဦးကျော်လောက်ရှိမယ်ထင်ရပြီး သေဆုံးသူကတော့လတ်တလော ၁ ယောက်ရှိတယ်လို့ ကြားသိထားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
လူနေအိမ်အချို့၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံစတဲ့နေရာတွေကတော့ ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။
“အိမ်နဲ့ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေကတော့ အပျက်အစီးတွေပဲ ဖြစ်ကုန်ပြီ။ တော်လှန်ရေးတပ်တွေ ရှိတယ်ထင်ပြီး အဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတာ”
မနေ့က တိုက်ပွဲဖြစ်ပွားတဲ့အချိန် မြို့ကနေထွက်ပြေးကြတဲ့ အရပ်သားတွေကို စစ်တပ်က လေယာဉ်ကွင်းထဲဆွဲခေါ် ရိုက်နှက်ပြီး ပြည်သူတွေမှာပါလာတဲ့ ဖုန်း၊ ပိုက်ဆံတွေကို လုယူထားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကြောင့် လက်နက်ကြီးနဲ့ လေယာဉ်ဗုံးထိမှန်မှုကြောင့် ဒဏ်ရာရထိခိုက်သူတွေကို လက်ရှိအချိန်ထိ ဆေးကုသမှုမပေးနိုင်သေးဘူးလို့လည်း သိရှိရပါတယ်။