စေတီကို သံတူနဲ့ထုရိုက်တဲ့ကိစ္စကို ရှုတ်ချကြောင်း စစ်ကောင်စီထောက်ခံသူတွေ ဆက်လက် ဆန္ဒပြ
17 January 2024 – Kachinwaves
ဗုဒ္ဓဘာသာအထိမ်းအမှတ် စေတီ၊ ပုထိုး၊ ဆင်းတုတော်တွေကို ဖျက်ဆီးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆန့်ကျင်ရှုတ်ချပွဲဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီထောက်ခံသူနဲ့ မဘသ အုပ်စုဝင်တွေ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
ဒီကနေ့ မနက် ၉ နာရီတုန်းက မဘသ အဖွဲ့ဝင် ဘုန်းကြီး၊ သီလရှင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေဟာ မြို့လယ်ခန်းမမှာ စုရပ်ပြုလုပ်ခဲ့ပြီးနောက် မြို့အတွင်းရပ်ကွက်အချို့မှာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ခန်းမမှာစုရပ်လုပ်ပြီး ဈေးကိုပတ်တယ်။ ရွှေသာလျောင်းဘုရားကြီး ခြေရင်းကနေ ကြံ့ဖွတ်ရုံး (ပြည်ခိုင်ဖြိုးရုံး) ဘက်ပတ်တယ်။”
ဆန္ဒပြပွဲအတွက် စစ်ကောင်စီ စစ်သားနဲ့ ရဲတွေဟာ မြို့အနှံ့မှာ လုံခြုံရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့က MNDAA စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်သားတစ်ဦးက ဗုဒ္ဓဘာသာစေတီတစ်ဆူကို သံတူနဲ့ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီဗီဒီယိုနဲ့ပက်သက်ပြီး စစ်ေကာင်စီထောက်ခံသူနဲ့ ၎င်းကိုထောက်ခံတဲ့လော်ဘီအသိုင်းအဝိုင်းမှာ အတန်ငယ်ဂယက်ရိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
MNDAA အနေနဲ့ ထိုဖြစ်စဉ်နဲ့ပက်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီး၊ စေတီကို သံတူနဲ့ရိုက်နှက်နေတဲ့ကိစ္စဟာ MNDAA ကညွှန်ကြားခဲ့တာမဟုတ်ဘဲ စစ်သားကပုဂ္ဂိုလ်ရေး စိတ်ဆန္ဒအရဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်သားရဲ့လုပ်ရပ်အတွက် တောင်းပန်ကြောင်း ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် စစ်ေကာင်စီထောက်ခံသူတွေက ဒီစေတီ၊ ပုထိုးကို သံတူနဲ့ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။