နှစ်ဆန်းဆယ်ရက်ကျော်အတွင်း စစ်ကောင်စီရဲ့ စစ်လေယာဉ် ၂ စင်းကို KIA ပစ်ချနိုင်ခဲ့
16 January 2024 – Kachinwaves
နှစ်ဆန်းဆယ်ရက်ေကျာ်အတွင်းမှာ စစ်ကောင်စီရဲ့ လေယာဉ်နှစ်စင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြု သိရှိရပါတယ်။
ယခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ကလည်း မြစ်ကြီးနားလေတပ်မှ ဝိုင်းမော်မြို့နယ်၊ နာဖေါ့စစ်တပ်စခန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်တစ်စီးကို KIA ကပစ်ချခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ရဟတ်ယာဉ်အတွင်းစီးနင်းလိုက်ပါလာသူ ၆ ဦးလုံး သေဆုံးခဲ့ပါတယ်။
ယနေ့နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီဝန်းကျင်က ရှမ်းပြည်မြောက်ပိုင်း စစ်မျက်နှာပြင်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချနိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပေးထားပါတယ်။
မနေ့က သိမ်းပိုက်ခံရတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ အခြေစိုက် ခလရ (၁၂၃) ကို ဗုံးလာကြဲတဲ့ တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း သတင်းမီဒီယာတွေကို အတည်ပြုဖြေကြားထားပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့ညကတည်းက KIA က နမ့်ဖတ်ကာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲ့နေ့ညကတည်းက စစ်တပ်ကလေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲပေမယ့် KIA ရဲ့လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်နေတဲ့အတွက် မြင့်မားတဲ့နေရာကနေပဲ ဗုံးကြဲနိုင်တယ်လို့လည်း ရှမ်းမြောက်ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ KSSM မှာလည်း ဖော်ပြထားပါတယ်။
ဒီကနေ့လေယာဉ်ပစ်ချတဲ့ဖြစ်စဉ်နဲ့ ပက်သက်ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ကလည်း မိုးမောက်မြို့နယ်၊ အလော့ဘွမ်တိုက်ပွဲမှာ KIA က ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပါသေးတယ်။