ဝန်းသို စကစ တပ်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ဆုံးရှုံး
16 Januay 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ထွေအုပ်ရုံးလည်း ထိခိုက်ခဲ့ကြောင်း ကောလင်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဝန်းသိုစစ်ကောင်စီတပ်မှ ပစ်လိုက်သောဟောက်ဝှစ်ဇာ လက်နက်ကြီးကျည်သည် ထွေအုပ်ရုံးနှင့် မြောက်အင်းရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းရဲဘော်က ပြောသည်။
“၄ လုံးပစ်တာ ၂ လုံးက ထွေအုပ်ရုံးထဲကျတာ၊ တစ်လုံးကတော့ ဘယ်ကျလဲမသိဘူး။ နောက်တစ်လုံးကတော့ ပြည်သူတွေရဲ့ နေအိမ်ပေါ်ကျတာ။”ဟု ဆိုသည်။
လက်နက်ကြီးကြောင့် ဒေါ်ခင်လှကြည်နှင့် ဒေါ်မြဝင်း၏ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးသွားပြီး ပြည်သူအထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရပါသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း ဝန်းသိုစစ်ကောင်စီတပ်မှ ပစ်ခဲ့သည့် ဟောက်ဝှစ်ဇာ လက်နက်ကြီးကြောင့် ကောလင်းမြို့ပေါ်မှ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။