မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့
15 January 2024 – Kachinwaves
မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ အမှတ် (၂) ရဲစခန်းအနီးမှာ ဒီကနေ့ညဦးပိုင်း ၇ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲသံနဲ့ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ အနီးအနားဝန်းကျင်မှာ နေထိုင်တဲ့သူတွေဆီက ကြားသိရပါတယ်။
ဗုံးပေါက်ကွဲသံ ၆ ချက်လောက် ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက် သေနတ်ပစ်ခတ်သံတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှု၊ ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် လူနာတင်ကားသံတွေကြားရတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူက ဆိုပါတယ်။
“လူနာတင်ကားသံတွေတော့ ကြားရတာဟုတ်တယ်။ အနည်းဆုံး ၂ စီးဖြစ်မယ်။”
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အစပ် ခေမာသီရိလမ်းသွယ် ၁၃ လမ်းကြားထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒူးလေးပါတီရုံးချုပ်နားမှာ ပေါက်ကွဲခဲ့တယ်လို့ ပြောဆိုနေကြပေမယ့် နေရာကိုသီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
တစ်ချိန်တည်းမှာပဲ ပမ္မတီးရပ်ကွက်၊ ရွှေပြည်သာ အုပ်ချုပ်ရေးရုံးအနီးမှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မနေ့ညကလည်း ကချင်စုရပ်ကွက်မှာ ဗုံးပေါက်ကွဲသံ ၂ ချက် ကြားရတယ်လို့ ရပ်ကွက်မှာနေထိုင်သူက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွါးခဲ့တဲ့ အမှတ် (၂) ရဲစခန်းမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း အလားတူပေါက်ကွဲမှု၊ ပစ်ခတ်မှုဖြစ်စဉ်မျိုး ဖြစ်ပွါးခဲ့ဖူးပါတယ်။