ဖားကန့် ဆိုင်းတောင် စစ်ရှောင်စခန်းအနီး စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲ
15 January 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ) ရပ်ကွက်က စစ်ရှောင်စခန်းအနီးတွင် ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဖားကန့် စစ်ကောင်စီဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးနှစ်လုံးဟာ ဆိပ်မူရွာအလယ် တပ်ကုန်းရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“စစ်ရှောင်စခန်းနဲ့ နီးတယ်။ ကပ်ရပ်ပဲ။ လူထိတာတော့ မကြားမိသေးဘူး။”လို့ သူကဆိုပါတယ်။
အရပ်သားထိခိုက်မှု ရှိ၊ မရှိကို သီးခြားအတည် မပြုနိုင်သေးပါဘူး။
ဖားကန့်ဒေသမှာ ဇန်နဝါရီ ၆ ရက်နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူပေးပြီး လက်နက်ကြီးဟာ ဆိပ်မူကျေးရွာအုပ်စု၊ မော်လကင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဇန်နဝါရီ ၇ ရက်နေ့က ဖြစ်ပွားခဲ့ပါသေးတယ်။
ဖားကန့်၊ ဝှေခါကျေးရွာအနီးက စစ်ကောင်စီစခန်းကုန်းနဲ့ ဖားကန့် – မိုးကောင်းလမ်းပိုင်းက နန့်တိန်းစစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်လာနိုင်ပြီး စစ်ရေးတင်းမာမှုရှိနေတဲ့ ကျေးရွာတွေနဲ့ အနီးတစ်ဝိုက်ရှိကျေးရွာဒေသခံ တစ်ထောင်ကျော်ဟာ စစ်ဘေးလွတ်မယ်လို့ထင်ရတဲ့ ဆိုင်းတောင်နဲ့ ဖားကန့်မြို့ စတဲ့နေရာတွေမှာ စစ်ရှောင်နေကြတာဖြစ်ပါတယ်။