လက်နက်ကြီးကြောင့် နမ့်ဖတ်ကာကျေးရွာနေအိမ်များ ထိခိုက်ပျက်စီးနေ
13 January 2024 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ၌ စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်၍ ကျေးရွာနေအိမ်များ ပျက်စီးနေကြောင်း သိရသည်။
နမ့်ဖတ်ကာကျေးရွားရှိ စစ်ကောင်စီတပ်စခန်းများကို KIA မှ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့နံနက်မှစ၍ တိုက်ခိုက်ခဲ့ရာ ခလရ ၁၂၃ တပ်ရင်း၏ တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး ဗျူဟာကုန်းကိုလည်း ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။
နမ့်ဖတ်ကာကျေးရွာပြည်သူများလည်း တိုက်ပွဲကြောင့် တိမ်းရှောင်နေကြ၍ ယနေ့ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကြောင့် ပြည်သူအထိအခိုက်တော့ မရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီကြား တရုတ်အစိုးရ၏ အကူအညီဖြင့် ယာယီအပစ်အခတ်ရပ်သည်ဟု ဆိုသော်လည်း KIA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို မဟာမိတ်ညီနောင်အဖွဲ့ဝင်ဖြစ်သော TNLA နှင့်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။