နန်စီးအောင် စစ်ကောင်စီဂိတ်၌ ခရီးသည်တင်ကားများအား ညအချိန်၌ လူသားဒိုင်းအဖြစ် ထိန်းသိမ်းထားသည်ဟု ဆို
13 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်စီးအောင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ခရီးသည်တင်ကားများအား လူသားဒိုင်းအဖြစ် ညအချိန်ထိန်းသိမ်းထားကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။
နန်စီးအောင်ဂိတ်မှ စစ်ကောင်စီစစ်သားများသည် ညနေ ၅ နာခွဲအချိန်တွင် ဂိတ်ပိတ်ပြီး နံနက် ၆ နာရီတွင်ပြန်ဖွင့်ကြောင်း သိရသည်။
၎င်းဂိတ်သည် ညနေ ၅ နာရီခွဲလျှင် ခရီးသည်ကားများအား လူသားဒိုင်းအဖြစ် ဓားစာခံအဖြစ် နေ့စဉ် ဖမ်းဆီးထားေလ့ရှိကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
“”သူတို့ (စကစ)က ညနေ ၅ နာရီခွဲဆို ကားတွေကို လွတ်ပေးမှာလို ဘာလိုလိုနဲ့ အထဲမောင်းသွင်းလိုက်တာ၊ အထဲရောက်ပြီဆိုတာနဲ့ တံခါး ဟိုဘက်ဒီဘက်ကို ရုတ်တရက်ပိတ်ချလိုက်တာ။”ဟု ၎င်းယာဉ်ေမာင်းက ဆိုသည်။
စစ်ကောင်စီတပ်များသည် ၎င်းတို့ဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ညရောက်လျှင် ခရီးသည်ကားများအား ကာဗာယူကာ လူသားဒိုင်းအနေဖြင့် ဖမ်းဆီးထားကြောင်း နန်စီးအောင်ဂိတ်နှင့် နီးစပ်သူ ပြည်သူတစ်ဦးကလည်း ပြောသည်။
“စကစ ဂိတ်တွေ အမြဲတိုက်ခိုက်ခံနေရတော့ သူတို့ဂိတ်လည်း လာတိုက်ခံရမှာကို စိုးရိမ်နေကြတာ၊ အဲ့တာကြောင့်မို့ ညဆို ခရီးသယ်တင်ကားတွေကို ဂိတ်ကြားထဲမှာ ပိတ်ထားပြီး မနက်ရောက်မှ ထွက်စေတာ”ဟု ဆိုသည်။
၎င်းဂိတ်သည် စရဖ၊ ရဲ၊ ရဲသတင်းတပ်ဖွဲ့၊ စစ်သား၊ လဝက၊ လူကုန်ကူးတားဆီးနှိမ်နင်းရေး၊ မူးယစ်၊ ယာဉ်ထိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ စသည့် စစ်ကောင်စီဝန်ထမ်းပေါင်းစုံအခွန်ကောက်သည့် ဂိတ်ဖြစ်ကြောင်း သိရပြီး၊ စစ်အင်အား ၄၀ ခန့် အမြဲရှိကြောင်း သိရသည်။
နန်စီးအောင်ဂိတ်သည် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အစပ်တွင်တည်ရှိပြီး ၎င်းစစ်ဆေးရေးဂိတ်၌ ပြည်သူများမကြာခဏဖမ်းဆီးခံရကြောင်း သိရသည်။