ကောလင်းမြို့ပေါ်တွင် ဝန်းသိုစစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး ထပ်မံသေဆုံး
14 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ယမန်နေ့က ဝန်းသိုစစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ဝန်းသိုတပ်မှ ပစ်လိုက်သော ဟောက်ဝှစ်ဇာလက်နက်ကြီးကျည်မှာ ကောလင်းမြို့ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကောလင်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“တစ်ချက်ပဲပစ်ခဲ့တာ အဲ့တာ ကောလင်းမြို့ပေါ်က နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ပြည်သူတစ်ဦးလည်း သေသွားတယ်။”ဟု ၎င်းက ဆိုသည်။
လက်နက်ကြီးကျည်မှာ ကောလင်းမြို့ ကျော်ဇေယျာရပ်ကွက် ၂ ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့ပြီ ၎င်းအိမ်ရှိ အသက် ၆၁ နှစ်အရွယ် ဒေါ်စုစုထွေးဆိုသူ သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ဝန်းသိုမြို့ ခမရ ၁၂၀ မှ ပစ်သော လက်နက်ကြီးကျည်မှာ ကောလင်းမြို့ ဈေးထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၅ ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။