နိုင်ငံရပ်ခြားရောက် တအာင်းလူငယ်များ နေရပ်ပြန်လာပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်း PSLF ဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြော
12 January 2024 – Kachinwaves
ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် တအာင်းအမျိုးသားတော်လှန်ရေး ၆၁ နှစ်မြောက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က တော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်း ထုတ်ပြန်ထားသည်။
တအာင်းအမျိုးသားတော်လှန်ရေး ၆၁ နှစ်ကာလအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်များ စွန့်လွှတ်ပေးဆပ်ပြီး TNLA အနေဖြင့် အမြဲလေးစားတန်ဖိုးထားမည်ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသည့် ရဲဘော်များကို လေးစားဂုဏ်ပြုပါကြောင်း ပြောဆိုထားသည်။
ထို့ပြင်စစ်အာဏာရှင်လက်အောက်မှ သိမ်းယူရရှိခဲ့သည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း၊ ကွတ်ခိုင် စသည့်မြို့များတွင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားသစ် ဖော်ဆောင်မည်ဖြစ်ပြီး အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရာတွင် ဒေသခံတိုင်းရင်းသားလူမျိုးမခွဲခြားဘဲ မှန်ကန်မျှတသည့် တရားဥပဒေစနစ်ပေါ် အခြေခံပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် စစ်ဒဏ်နှင့် စစ်ကောင်စီလေယာဉ်ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ဒေသခံပြည်သူများ၏ အိုးအိမ်စည်းစိမ်တည်ထောင်ရေးကို ကနဦး ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး မိဘပြည်သူများ ငွေအား၊ လူအားဖြင့် ကူညီပေးစေလိုကြောင်း တိုက်တွန်းထားသည်။
အထူးသဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နေသည့် တအာင်းလူငယ်များ နေရပ်ပြန်လာပြီး ဒေသဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်းလည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြည်သူ့ဘဏ္ဍာငွေဖြင့် စစ်လက်နက်ပစ္စည်းများဝယ်ယူပြီး ပြည်သူကိုပြန်လည်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲခြင်းများ လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ဝိုင်းဝန်းလက်တွဲ တွန်းလှန်ရမည်ဟု ပါရှိသည်။
သတိပေးချက်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် စစ်ရေးများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားရန်လည်း ပြောကြားထားသည်။
TNLA တပ်ဖွဲ့သည် စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင်ရေး မိမိဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စစ်အာဏာရှင်ကို တော်လှန်နေကြသည့် ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ပါရှိသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းအမျိုးသားတော်လှန်ရေးကို ၁၉၆၃ ခုနှစ်မှစပြီး စတင်ဆင်နွှဲခဲ့ရာ ယနေ့ ၂၀၂၄ ခုနှစ်တွင် တော်လှန်ရေး ၆၁ နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။