စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လောက်ကိုင်တွင် ဗုံးကျင်းနှင့် ပျက်စီးမှုများရှိနေ
11 January 2024 – Kachinwaves
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)တစ်ခုလုံး လက်နက်ချအညံ့ခံခဲ့သဖြင့် လောက်ကိုင်ဒေသကို MNDAA ရရှိခဲ့သော်လည်း စစ်ကောင်စီသည် လောက်ကိုင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း The Kokang မီဒီယာ က ဖော်ပြသည်။
ဇန်နဝါရီ ၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီက လောက်ကိုင်၊ တုံချိန်ရပ်ကွက်ကို ဗုံးကြဲခဲ့ရာ မြေပြင်တွင် ဗုံးသီးကျရောက်ပေါက်ကွဲသည့် မြေကျင်း ၁၄ ကျင်းထက်မနည်း ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံနေအိမ်များ ထိခိုက်မှုများရှိခဲ့သော်လည်း အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ဟု သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့က လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ စစ်ကောင်စီနှင့် မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သဖြင့် လောက်ကိုင်ဒေသကို MNDAA သိမ်းပိုက်ရရှိခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကလွဲပြီး ယနေ့အထိ ရှမ်းပြည်အထူးဒေသ (၁)၊ လောက်ကိုင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည့် အရပ်သားပြည်သူ ၇၃ ဦးရှိနေပြီဖြစ်ကြောင်းလည်း MNDAA က ထုတ်ပြန်ခဲ့သည်။