ဝန်းသိုမြို့သိမ်း တိုက်ပွဲဖြစ်မည်ဆိုသည့်သတင်းကြောင့် တိမ်းရှောင်ရသည်မှာ နှစ်ကြိမ်ရှိပြီ
10 January 2024 – Kachinwaves
တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ရရှိထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ထိစပ်နေသည့် ဝန်းသိုမြို့နယ်တွင် မြို့သိမ်းတိုက်ပွဲဖြစ်လာမည်စိုးသည့်အတွက် ဒေသခံများ မြို့မှထွက်ခွာနေကြကြောင်း သိရသည်။
၂၀၂၃၊ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်ခင် မြို့မှစွန့်ခွာရမည်ဟူသည့် စာများပြန့်နှံ့ပြီးနောက်ပိုင်း ဝန်းသိုမြို့မှ ဒေသခံများမှာ တဖြည်းဖြည်းချင်း မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု ဝန်းသိုမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လွန်ခဲ့တဲ့ ၁ ပတ်ကျော်က (၂၀၂၃) ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အမြန်ဆုံးထွက်ကြဖို့ စာပစ်တယ်၊ ဘယ်ဘက်ကပစ်လဲ မသိရဘူး။”
ဝန်းသိုမြို့မှ အခြားမြို့သို့ ရှောင်တိမ်းရန်အတွက် ပထမအဆင့်အနေဖြင့် ကောလင်း၊ ကျောက်တန်းဘက်သို့ ရောက်အောင် သွားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့်သာ အခြားဒေသများသို့ ခရီးဆက်နိုင်မည်ဟု ၎င်းကဆိုသည်။
သို့သော် ဝန်းသိုမှ ကောလင်း၊ ကျောက်တန်းနေရာအထိ တစ်ယောက်လျှင် ကားခခရီးစရိတ် တစ်သိန်းကျသင့်သည်ဟု သိရသည်။ ထို့ကြောင့် ကားခမတတ်နိုင်သူများ၊ ငွေကြေးခက်ခဲသည့် မိသားစုအချို့နှင့် စစ်မှုထမ်းဟောင်း မိသားစုအချို့သာ ဝန်းသိုမြို့တွင် နေထိုင်နေဆဲဖြစ်သည်ဟု ဝန်းသိုမြို့ခံက ပြောသည်။
“ခုဆိုမြို့က အရင်တခါပြေးကြတာထက် ပိုပြီးခြောက်ကပ်သွားပြီ။ တချို့တွေကလည်း ပြေးဖို့လမ်းစရိတ်မရှိလို့ နေနေကြတော့တာ။ ”
စစ်တပ်က မြို့အတွင်းရှိ နေရာအချို့တွင် တပ်စွဲထားပြီး ကျမိုင်းကြီးရပ်ကွက်အုပ်စုအတွင်း စစ်ကောင်စီနှင့် ပျူစောထီးအုပ်စုက နေ့စဉ်နေ့တိုင်း နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကင်းလှည့်လေ့ရှိကြောင်း သိရသည်။
ထို့အပြင်မြို့အနီးတဝိုက်ရှိ ကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်းထိုးခြင်းများလည်းရှိနေပြီး ထိုစစ်ကြောင်းများသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်။
ထို့သို့သောအခြေအနေများအပြင် စစ်တပ်က ဝန်းသိုမြို့အဝင်အထွက်ကို ပိတ်ပင်ထားသည့်အတွက် မြို့အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လုနီးပါးဖြစ်နေပြီး မြို့အတွင်းကျန်ရစ်သည့် ပြည်သူများမှာ စစ်ဘေးသာမက အငတ်ဘေးကိုပါ ရင်ဆိုင်ရမည့် အခြေအနေတွင် ရှိနေသည်။
ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး နိုဝင်ဘာလဆန်းပိုင်းကလည်း ဝန်းသိုမြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟူသည့် သတင်းများကြောင့် ဒေသခံများသည် မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ရသေးသည်။