မိုးကောင်းမြို့က စားသောက်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီ ချိပ်ပိတ်
10 January 2024 – Kachinwaves
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များနှင့် ပက်သက်ဆက်နွယ်သည်ဟု စစ်ကောင်စီစွပ်စွဲပြီး မိုးကောင်းမြို့မှ စားသောက်ဆိုင်တစ်ဆိုင်ကို ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အရှေ့ရပ်ကွက် ဘုရားကြီးနောက်လမ်းရှိ ရွှေပီတိစားသောက်ဆိုင်ကို စစ်ကောင်စီက ယနေ့နံနက် လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။
စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုင်းဘိုမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်နေရသူဖြစ်ကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အမျိုးသားကို ဖမ်းထားတာကြာပြီလေ။ ၄ လလောက်ရှိပြီ စစ်ကြောရေးမှာ။ မနေ့ကလား၊ တနေ့ကလား မိုးကောင်းရဲစခန်းမှာ အမှုရင်ဆိုင်ပြီး သူ့အိမ်ကိုချိပ်ပိတ်မှာ။ ဒီနေ့ချိပ်ပိတ်မှာလို့ ပြောတယ်။ မနေ့ကအိမ်က ပစ္စည်းတွေရွေ့ခိုင်းတယ်တဲ့”
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းမြို့တွင် စစ်ကားပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူများကို ဖမ်းဆီးမှုဆက်တိုက်ပြုလုပ်ခဲ့ရာ ရွှေပီတိစားသောက်ဆိုင် ဦးစိုင်းဘိုလည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်က ဖမ်းဆီးခံရသည့်အရပ်သားများအနက် ဦးဝဘော်တန်ဂွန်းဆိုသူနှင့် ဇင်ယော်ဆီဆိုင်ပိုင်ရှင် အမျိုးသမီးတို့နှစ်ဦး စစ်ကြောရေးတွင်ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ရသည်။