အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ရဲ့ အလှည့်နီးလာ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
10 January 2024 – Kachinwaves
၁၀၂၇ စစ်ဆင်ရေး နှစ်လကျော် ကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ အားရစရာစစ်ရေးရလဒ်တွေကို ရရှိပိုင်ဆိုင်နေတာဖြစ်ပြီး စစ်ကောင်စီကတော့ ၂၀၂၄ နှစ်သစ်ရဲ့ ပထမအပတ်ထဲမှာတင် ရှမ်းပြည်မြောက်ပိုင်းက အရေးကြီးတဲ့ စစ်ဌာနချုပ်နှစ်ခုကို ထပ်ပြီးဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့က လောက်ကိုင်မြို့မှာရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ နဲ့ ၇ ရက်နေ့မှာ သိန္နီမြို့မှာရှိတဲ့ စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ ၁၆ ကို MNDAA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၇၈ နှစ်သက်တမ်းရှိတဲ့ စစ်တပ်တစ်ခု ပြိုလှဲတော့မယ့် ခြေလှမ်းတစ်ခုအဖြစ် ဆုံးရှူံးမှုဖြစ်ပါတယ်။
လောက်ကိုင် ဒကစကို MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်ညှိနှိုင်းပြီးနောက် စစ်တပ်က လက်နက်ချခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပြီး၊ စကခ (၁၆) ကို ပြည်သူ့လွတ်မြောက်ရေးတပ် PLA နဲ့ MNDAA၊ KNDF ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့်နေ့ကစပြီး မဟာမိတ်ညီနောင်သုံးဖွဲ့က သိမ်းပိုက်ရရှိခဲ့တဲ့မြို့ပေါင်း ၁၆ မြို့ရှိလာပြီဖြစ်ပြီး လားရှိုးမှ လောက်ကိုင်သွားရာ အရှေ့ဘက်ပိုင်းလမ်းကြောကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
လောလောလတ်လတ် သိမ်းပိုက်ရရှိလိုက်တဲ့ စကခ ၁၆ ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့နဲ့ မိုင် ၃၀ ဝန်းကျင်ခန့်သာ ကွာဝေးပါတယ်။ ဒါ့ကြောင့် လားရှိုးမြို့ရဲ့ အရှေ့ဘက်ဒေသကို ညီနောင် ၃ ဖွဲ့က ထိန်းချုပ်ထားနိုင်တဲ့အပြင် မန္တလေး – လားရှိုးလမ်းမပေါ်က နောင်ချို၊ သီပေါ စတဲ့မြို့နယ်အတွင်းက ဒေသတွေမှာ TNLA ဦးဆောင်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာလည်း ရှိပါတယ်။
လားရှိုးကနေသွားရတဲ့ မြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာက နမ္မတူမြို့ကို TNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လားရှိုးပတ်ပတ်လည်မှာ စစ်ရေးဖော်ဆောင်နေတာတွေရှိတာကြောင့် (ရမခ) စစ်ဌာနချုပ်အတွက်တော့ မျက်ခုံးလှုပ်စရာ အခြေအနေဖြစ်လာနေတာပဲ ဖြစ်ပါတယ်။
ခွက်ခွက်လန်အောင်ရှုံးနေတဲ့ စစ်ရေးအခြေအနေတွေကြားက အကြောက်တရားနဲ့ အမိန့်ကို မလွန်ဆန်တတ်အောင် ရိုက်သွင်းခံထားရတဲ့ စစ်သားတွေက အောက်ခြေစစ်မြေပြင်မှာ တိုက်လိုစိတ်ပျောက်ဆုံးပြီး စိတ်ဓာတ်ပျက်ပြားနေပေမဲ့ အမိန့်အရ တိုက်ပွဲဝင်နေကြရတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ဖွဲ့စည်းမှုအရ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ၆ ခုအနက် အင်အားအတောင့်တင်းဆုံးနဲ့ အမာဆုံးဆိုတဲ့ ဒကစ (လောက်ကိုင်)ရဲ့ ဗိုလ်မှူးချုပ် ၆ ဦးလုံး လက်နက်ချသွားတာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်လိုစိတ် စ်တ်ဓါတ်ပျက်ပြားနေတာကို မြင်သာစေပါတယ်။
သမိုင်းမှာမကြုံဖူးလောက်အောင် အရှုံးကြီးရှုံးနေတဲ့ စစ်ကောင်စီဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကို အစားထိုးခန့်အပ်မှုနဲ့ စစ်ကောင်စီဥက္ကဌရုံးဝန်ကြီး (၃) ဦးကို ဇန်နဝါရီလ ၈ ရက်နေ့က ထပ်မံခန့်အပ်လိုက်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နေရာမှာ စစ်ကောင်စီဥက္ကဌရုံးဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်ကို အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
စစ်တိုက်လိုစိတ်မရှိတော့တဲ့အထိ စစ်ဓာတ်ပျက်ပြားနေတဲ့ အောက်ခြေစစ်သားတွေရဲ့ အခြေအနေ၊ ပြည်သူ့ထောက်ခံမှုအားနဲ့ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာတဲ့အထိ အားကောင်းလာတဲ့ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကြောင့် ဒကစ၊ စကခ အပြင် နောက်ထပ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုက်ခိုက်သိမ်းပိုက်ခံမလား၊ အလံဖြူထောင်လက်နက်ချမလား ဆိုတာကတော့ မကြာမီမြင်တွေ့ရမယ့် ရှမ်းပြည်မြောက်ပိုင်းက စိတ်ဝင်စားစရာ စစ်ရေးအခြေအနေ ဖြစ်ပါတယ်။