ကွတ်ခိုင်မြို့သိမ်း တိုက်ပွဲတွင် လက်နက်ချခဲ့သည့် စကစ မိသားစုဝင်များကို ကားအစီး ၃၀ ဖြင့် ထွက်ခွာခွင့်ပြု၊ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေ
8 January 2024 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ချရန် တော်လှန်ရေးတပ်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် တပ်မိသားစုဝင်များကို ကားအစီး ၃၀ ဖြင့် ကွတ်ခိုင်မြို့မှ ထွက်ခွာခွင့်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
သို့သော်လည်း ယမန်နေ့က မွန်းတည့် ၁၂ နာရီဝန်းကျင်နှင့် မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီက ကွတ်ခိုင်မြို့ပြင်နှင့် ဗျုဟာကုန်းအနီးကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်ညီနောင်မဟာမိတ်တပ်ဖွဲ့က ကွတ်ခိုင်ဗျူဟာကုန်းကို ယမန်နေ့ည (၁၁) နာရီဝန်းကျင်တွင် သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ကွတ်ခိုင်မြို့ကို သိမ်းပိုက်ရရှိလိုက်သည်ဟု အတိအလင်းထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါ။
ကွတ်ခိုင်မြို့သည် မန္တလေး – မူဆယ်ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး TNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။