စကခ (၁၆) တစ်ခုလုံးကို တိုက်ထုတ်ပြီး သိန္နီမြို့ကို အပြီးသိမ်းကြောင်း PLA ပြော
8 January 2024 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ရှိ စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ (၁၆) ကို ရက်သတ္ထပတ် တစ်ပတ်သာအချိန်ယူပြီး တိုက်ခိုက်ခဲ့ရာ ယမန်နေ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု PLA က ထုတ်ပြန်သည်။
စကခ ၁၆ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဦးဆောင်ပြီး မြန်မာအမျိုးသားများ ဒီမိုကရက်တစ်တပ်မတော် (MNDAA) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ (KNDF) တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ေကြာင်း သိရသည်။
၂၀၂၄ နှစ်သစ်၊ ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး စကခ ၁၆ ဧရိယာအတွင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ််ပြန်ချက်တွင် ပါရှိသည်။
ဇန်နဝါရီ ၁ ရက်နေ့တွင် သိန္နီမြို့အထွက် နမ္မတူချောင်း တံတားထိပ်မှတစ်ဆင့် ကောင်းဟော်ရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်ခဲ့ရာ ၃ ရက်နေ့တွင် ကောင်းဟော်ရွာတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နေ့တစ်ရက်တည်းတွင် ခလရ ၆၉ တပ်ကို တိုက်ခိုက်ခဲ့ရာ နောက်တစ်နေ့ (ဒီဇင်ဘာ ၄ ရက်နေ့) တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ဂိုေဒါင်ကိုပါ ရရှိခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင်ပင် စကခ ၁၆ ဌာနချုပ်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ၎င်းဧရိယာအတွင်းရှိ လက်နက်ကြီးကုန်း၊ ဗျူဟာကုန်းတို့ကို သိမ်းပိုက်ရရှိခဲ့သည်။
ဇန်နဝါရီ ၆ ရက်နေ့တွင် GE တပ်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထိုနေ့တွင် ခမရ ၂၄၀၊ ခမရ ၃၂၃၊ GE တပ်နှင့် ဆေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ထွက်ပြေးသွားခဲ့ရာ ၇ ရက်နေ့တွင် စကခ ၁၆ ဧရိယာတစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ရရှိခဲ့ေကြာင်း သိရသည်။
ထိုဧရိယာအတွင်းရှိ လက်နက်ဂိုထောင်များမှ လက်နက်ခဲယမ်းများ၊ သံချပ်ကာကား၊ ပွိုင့် 5 သေနတ် နှင့် ဟောင်ဝှစ်ဇာအမြောက်များကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
စခန်းစွန့်ခွါထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လားရှိုးဘက်သို့ ဆုတ်ခွါသွားသည်ဟု PLA ရဲဘော်တစ်ဦးက ဆိုသည်။
သိန္နီမြို့ကို 1027 စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး MNDAA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့တွင် မြို့ကိုထိန်းချုပ်နိုင်ခဲ့သည်။ ယမန်နေ့ကမူ သိန္နီမြို့အထွက်ရှိ စကခ ၁၆ နှင့် စစ်ကောင်စီတပ်များကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သိန္နီဒေသတစ်ခုလုံးကို တော်လှန်ရေးတပ််များ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။