ဖားကန့်ရှိ စကစ စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဆက်ဖြစ်နေ
8 January 2024 – Kachinwaves
ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဝှေခါရွာအနီးတွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ကသိုဏ်းတောင် တောင်ခြေ၊ နမ့်မှော်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KPDF နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ဝှေခါကနေ ကား ၃ စီးနဲ့ဆင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ သုဿာန်တာဝါတိုင်ကုန်းအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
“ဝှေခါသွားတဲ့လမ်း၊ သုဿာန်တာဝါတိုင်ကုန်းနဲ့ နတ်မှော်မှာ ၂ နေရာဖြစ်တယ်။ စစ်ကား ၃ စီးက ဝှေခါကနေဆင်းလာတာကို လိုက်ပြီးပစ်တာ။ နမ့်မှော်မှာက စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာပါ”
နမ့်မှော်စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးပါ။
တိုက်ပွဲဖြစ်ပွားစဉ်အတောအတွင်း ဖားကန့်ဗျူဟာကုန်းဘက်မှ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ကြောင်း သိရပါတယ်။
ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ပထမအပတ်ကနေ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့က KIA ဖော်ဆောင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲမှာ ဝှေခါကျေးရွာရဲစခန်းနဲ့ စခန်းကုန်းတစ်ခုကို KIA ကရရှိခဲ့တယ်လို့ သိရပါတယ်။