ခါမ်းပါတ်မြို့ စာသင်ကျောင်းအနီး စကစ လေကြောင်း တိုက်ခိုက်၍ ကလေးများအပါအဝင် ၁၁ ဦး သေဆုံး
7 January 2024 – Kachinwaves
တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့၊ ကနန်ကျေးရွာ စာသင်ကျောင်းအနီး စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်များ အပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကနန်ကျေးရွာ၊ အမှတ် (၂) စာသင်ကျောင်းအနီးကို ဗုံးသီး ၆ လုံး ကြဲချခဲ့၍ ကလေးငယ် ၄ ဦးနှင့် လူကြီးအရွယ် ၇ ဦး သေဆုံးခဲ့သည်။
သက်မဲ့ ခန္ဓာကိုယ်များကောက်ယူရာတွင် ယောကျ်ား၊ မိန်းမ ခွဲခြား၍မရသည့် ရုပ်အလောင်း ၂ ခုကိုလည်း ကောက်ယူရရှိခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားနေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် ကျန်းမာရေးသင်တန်းပြုလုပ်နေသည့်အကြောင်း သတင်းပေါက်ကြားသွား၍ စစ်ကောင်စီက လာရောက်ဗုံးကြဲခဲ့သည်ဟု သိရသည်။
တမူးခရိုင်၊ ခါမ်းပါတ်မြို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ယူနိုင်ခဲ့သည့် မြို့ဖြစ်သည်။