ဖားကန့်တွင် KIA၊ KPDF တို့က စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နေ
6 January 2024- Kachinwaves
ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ KPDF တို့ ယနေ့နံနက်အစောပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်နေရာ စခန်းအချို့ကို ရရှိထားပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတစ်ဝိုက်မှ အမြင့်ဆုံးစစ်ဗျူဟာကုန်းဖြစ်သည့် ဝှေခါစစ်ကောင်စီ ဗျူဟာကုန်းနှင့် ရဲစခန်းများကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်လိုက်နိုင်သည်ဟု KPDF နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဝှေခါ အကုန်သိမ်းလိုက်ပြီ ကြားတာအခု။ နန့်တိန်အဖွဲ့နဲ့ အဆက်သွယ် ရတယ်။ နန့်တိန်းက မသိမ်းရသေးဘူး။”
မိုးကောင်း – ဖားကန့်လမ်းပိုင်းရှိ နန့်တိန်စစ်ကောင်စီတပ်စခန်းကြီးကိုမူ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်က ဝှေခါမှော်နှင့် နန့်တိန်စစ်တပ်စခန်းအနီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ဝှေခါနှင့် နန့်တိန်တပ်စခန်းများအပြင် ကသိုဏ်းတောင် (Kasen Bum) ရှိ စစ်ကောင်စီစခန်းကိုပါ KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တိုက်ပွဲဖြစ်ပွါးသည့် ဖားကန့်ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့်အပြင် ဝိုင်းမော်မြို့နယ်၊ လိုင်ဇင်ဒေသကိုလည်း ယနေ့နံနက် ၁၁ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။