ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) လက်နက်ချ
5 January 2024 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာစစ်တပ် သက်တမ်း ၇၈ နှစ်အတွင်း ပထမဆုံးအနေနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်ထိ လက်နက်ချနေရကြောင်း သိရပါတယ်။
ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဟာ MNDAA ထံလက်နက်ချခဲ့ပြီး စစ်ကောင်စီဝန်ထမ်းနဲ့ တပ်မိသားစုဝင်တွေကို လားရှိုးဘက်သို့ ပို့ဆောင်ပေးရန် ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ ကြားသိရပါတယ်။
ဒါပေမယ့် လက်နက်ချတဲ့ဖြစ်စဉ်အရ လောက်ကိုင်ဒကစမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ပိုင်သဘောဆန္ဒနဲ့ လက်နက်ချကြတာ မဟုတ်ဘဲ အထက်အမိန့်အရ လက်နက်ချ ဆုတ်ခွာရတာဖြစ်နိုင်တယ်လို့ PLA ရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
MNDAA ဘက်က လက်နက်ချတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသေးပေမယ့် ဇန်နဝါရီလ ၄ ရက်နေ့ညက သတင်းထုတ်ပြန်ချက်မှာ လောက်ကိုင်ဒကစကို ရရှိနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
လောက်ကိုင် ဒကစ ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုဖြစ်ပြီး ကွပ်ကဲရေးမှူးအဖြစ် ဗိုလ်မှူးချုပ် မိုးကျော်သူက တာဝန်ထမ်းဆောင်နေပါတယ်။
ဗိုလ်မှူးချုပ် မိုးကျော်သူ ဟာ ကချင်ပြည်နယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒေသရဲ့ ကွပ်ကဲရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
တရုတ်နယ်စပ်နဲ့ ကပ်လျက်မှာတည်ရှိတဲ့ လောက်ကိုင်ဒေသအတွက် အဓိကဗျူဟာအကျဆုံး ဌာနချုပ်တစ်ခုဖြစ်ပြီး မူလအခြေစိုက် တပ်ရင်းများအပြင် တပ်မ ၅၅၊ စကခ ၁၄၊ ၁၂၊ ၁၆ တပ်များပါ အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။
လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ချက်မထွက်သေးသော်လည်း ကိုးကန့်ဒေသ၊ မြန်မာ – တရုတ်နယ်စပ်မှာရှိတဲ့ နယ်စပ်မှတ်တိုင် (၁၂၅) ဒုက္ခသည်စခန်းမှာ MNDAA နဲ့ ဒေသအုပ်ချူပ်ရေးအဖွဲ့တွေပူးပေါင်းပြီး အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နေတယ်လို့ The Kokang က ထုတ်ပြန်ထားပါတယ်။