စကစ၏ ဟောက်ဝှစ်ဇာ လက်နက်ကြီးကြောင့် ကောလင်းပြည်သူများ မကြာခဏဆိုသလို သေဆုံးမှုများ ဖြစ်ပေါ်နေ
2 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ဝန်းသို စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် ဟောက်ဝှစ်ဇာ လက်နက်ကြီးကြောင့် ပြည်သူများ မကြာခဏဆိုသလို ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း ကောလင်းဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ဝန်းသိုတပ်ရင်းမှ ကောလင်းမြို့ပေါ်သို့ ဟောက်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၆ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ကောလင်းမြို့ထဲနှင့် ကောလင်းဈေးအရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၆၀ နှစ်ကျော်အရွယ်နှင့် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၇ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးမှ ပြောသည်။
“မနက်ဈေးရောင်းနေကြတဲ့အချိန် ဈေးတည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တော့ ဈေးသည်တွေရော ဈေးဝယ်လာတဲ့ပြည်သူတွေရော ထိကုန်တော့တာ”ဟု ၎င်းရဲဘော်မှ ဆိုသည်။
ကောလင်းမြို့ပေါ်သို့ စစ်ကောင်စီမှ ဟောက်ဝှစ်ဇာ လက်နက်ကြီးဖြင့် မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ကလေးငယ်နှင့်ပြည်သူများ ထိခိုက်သေဆုံးလျှက်ရှိသည်။