မသိမသာစစ်ရှိန်မြင့် ကစားလာတဲ့ KIA၊ ဘယ်လို ထူးခြားပြောင်းလဲမှုအတွက် ဆက်လက်အားထုတ်သွားမလဲ စောင့်ကြည့်ရမယ့်နှစ်
အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
3 January 2023 – Kachinwaves
စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်လာတဲ့ ၂၀၂၃ ခုနှစ်ဟာ ကချင်ပြည်နယ်ရဲ့ စစ်ရေးလှုပ်ရှားမှု အားအပြင်းဆုံးနှစ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၃ ရဲ့ ပထမခြောက်လပိုင်းအတွင်း ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့်လည်း ထူးခြားတဲ့စစ်ရေးရလဒ်မျိုး မရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် စစ်ရေးကို မသိမသာအရှိန်မြင့်ကစားလာပြီး စခန်းသိမ်းတိုက်ပွဲတွေနဲ့ နှစ်ဟောင်းကို အဆုံးသတ်ခဲ့သလို နှစ်သစ်ကိုလည်း စခန်းသိမ်းတိုက်ပွဲနဲ့ ဖွင့်ကြိုခဲ့တဲ့ KIA ဘယ်လို ထူးခြားမှုတွေကို ဆက်ပြမလဲဆိုတာ စောင့်ကြိုရမယ့်နှစ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လယ် ဇူလိုင်လမှာ စစ်တပ်က KIA ဗဟိုဌာနချုပ်၊ လိုင်ဇာဘက် စစ်ကြောင်းထိုးလာတဲ့ အချိန်ကစပြီး စစ်ရေးအရှိန်တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းကြောတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်ဖွဲ့တို့ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ဇူလိုင်လနှောင်းပိုင်းကာလတွေဟာ စစ်ရေးလှုပ်ရှားမှု အပြင်းထန်ဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်။
လိုင်ဇာဘက် စစ်ရေးပြင်းထန်နေချိန် ဖားကန့်ဒေသဘက်မှာ KIA က ထိုးစစ်ဆင်လှုပ်ရှားမှုတွေရှိခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့မှာ ဖားကန့်မြို့နယ် ကသိုဏ်းတောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းယူနိုင်ခဲ့ပါတယ်။
လိုင်ဇာကိုသိမ်းရမယ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်ထောက်ခံသူတွေရဲ့ တိုက်တွန်းမှုနဲ့အတူ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီဟာ ရရှိပြီးသားစခန်းတွေပါ လက်လွတ်ဆုံးရှုံးလိုက်ရပါတယ်။ ထိုးစစ်ဆင်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ တက်လာသမျှ စစ်ကြောင်းတွေအရေးနှိမ်နေချိန်မှာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ပစ်ခတ်တာဟာ စစ်ကောင်စီရဲ့ ရှုံးမဲမဲတဲ့လုပ်ရပ်လို့ ဒေသခံပြည်သူတွေက သတ်မှတ်ကြတာ ဖြစ်ပါတယ်။ မုန်လိုင်ခက်က စစ်ရှောင်အရပ်သားတွေ သေဆုံးမှုဖြစ်စဉ်အပြီးမှာတော့ KIA က စစ်ကောင်စီရဲ့အရေးကြီးတဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခြင်းနဲ့ လက်တုံ့ ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့မှာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်ကားလမ်းမက ဒရူခတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ခါကာဘို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မှာ ရွှေကူ – ဗန်းမော်ကားလမ်းပေါ်က ငါးဘတ်ကြီးရွာမှာ အထိုင်ချတဲ့ တာဝါတိုင်ကုန်းစခန်း၊ အောက်တိုဘာ ၁၉ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်းမြို့နယ်၊ မုံးကိုးမြို့အနီးက ဝိန်းလာတောင်စခန်းတွေကို KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်အစပ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ အရေးကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ လိုင်လွမ် (အောင်ဂျာ) စခန်းကုန်းကြီးကို သိမ်းယူနိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း ကန်ဒေါင်ယန်စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) အပါအဝင် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ကန်ဒေါင်ယန်စခန်း သိမ်းပိုက်ခံရပြီးနောက်မှာတော့ စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးရှိ အလဲန့်ဘွမ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို လိုင်ဇာမြို့ လူနေရပ်ကွက်ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒါပေမယ့် KIA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကတော့ ရပ်တန့်မသွားဘဲ စခန်းသိမ်းတိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်နေခဲ့ပါတယ်။
နိုဝင်ဘာလမှာ တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တနိုင်းမြို့နယ်၊ တလူးရွာဘက်က စစ်ကောင်စီစခန်း၊ မိုးကောင်းမြို့နယ်အတွင်းက စပါးကုန်းစခန်း၊ တပ်မဟာ ၈ နယ်မြေ၊ မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ ဘီလူးမြို့ လေသာကုန်းစခန်း၊ ရွှေကူမြို့ မြို့လှမြို့အနီးက ရွှေငြိမ်းချမ်းစခန်း စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်ပြီးသိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က မန်ဖာစစ်တပ်စခန်းကိုလည်း နိုဝင်ဘာ ၁၇ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၂၃ ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာလည်း စစ်ရေးလှုပ်ရှားမှုအရှိန်က လျော့ကျမသွားခဲ့ပါဘူး။ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ KIA တပ်မဟာ (၈) နယ်မြေ၊ စစ်ကိုင်း – ကချင်အစပ်က မော်လူးမြို့ကို KIA ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမော်လူးမြို့မှာ NUG အစိုးရရဲ့အုပ်ချုပ်ရေးစနစ် စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အဲ့ဒီနောက် ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ မြစ်ကြီးနာမြို့နယ် တာလောကြီးကျေးရွာက ပြည်သူ့စစ်စခန်းနဲ့ ဝိုင်းမော်မြို့နယ် ဘော်ဆာဒီးကျေးရွာက စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တာလောကြီးဒေသတစ်ဝိုက်ကို KIA က ဆက်လက်ထိန်းချုပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ အရပ်သားတွေကတစ်ဆင့် သိရပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က နမ့်ခိုင်တံတား စစ်ဆေးရေးဂိတ်စခန်းနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ နမ့်ဖတ်ကာကျေးရွာအနီးက ခလရ (၁၂၃) ရဲ့ စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး ၂၀၂၃ ခုနှစ်ကို စခန်းသိမ်းတိုက်ပွဲတွေနဲ့ အဆုံးသတ်လိုက်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အရင်နှစ်တွေနဲ့မတူဘဲ ကချင်ပြည်နယ်အတွင်းမှာလည်း တပ်စခန်းတွေ လက်လွတ်ခဲ့ရတဲ့အပြင် အင်ဂျန်းယန်မြို့နယ်မှာ ဆယ်စုနှစ်နဲ့ချီ တပ်စွဲခဲ့တဲ့ စခန်းသုံးခုကို တိုက်ခိုက်ခံရခြင်းမရှိဘဲ နိုဝင်ဘာ ၂၁ ရက်နေ့မှာ အပြီးဆုတ်ခွာ သွားခဲ့ပါတယ်။ အလားတူ မချမ်းဘော့မြို့နယ် အင်ခါးဂါးကျေးရွာမှာ နှစ်နဲ့ချီတပ်စွဲနေတဲ့ စခန်းကနေလည်း ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲမဖြစ်ဘဲ စွန့်ခွာသွားတာ ဖြစ်ပါတယ်။
KIA က ကချင်ပြည်နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းက ကောလင်းနဲ့ ခါမ်းပါတ် မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကောလင်းမြို့ကို နိုင်ဝင်ဘာ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ခါမ်းပါတ်မြို့ကို နိုဝင်ဘာလ ၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ဝင်ဘာ ၈ ရက်နေ့မှာ ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ပါတယ်။
ပြီးခဲ့နှစ်မှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပူးပေါင်းပါဝင်ခဲ့တဲ့ KIA ဟာ ၂၀၂၄ ဇန်နဝါရီလ နှစ်ဆန်း ၁ ရက်နေ့မှာပဲ ရှမ်းပြည်မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာအနီးက စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး နှစ်သစ်ကို ကြိုလိုက်ပါတယ်။ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ၂၀၂၄ ခုနှစ်ဟာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ရှိလာနိုင်တဲ့နှစ်လို့ နှစ်သစ်ကူးမိန့်ခွန်းကနေတစ်ဆင့် နိမိတ်ဖတ် ပြောကြားထားပါတယ်။ နှစ်ကုန်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆက်ခဲ့သလို နှစ်ဆန်းတစ်ရက်နေ့မှာပဲ စခန်းသိမ်းတိုက်ပွဲနဲ့ ဖွင့်ကြိုခဲ့တဲ့ KIA၊ ဘယ်လို ထူးခြားတဲ့ပြောင်းလဲမှုတွေအတွက် ဆက်လက်အားထုတ်သွားမလဲဆိုတာ စောင့်ကြည့်ရမယ့် နှစ်ဖြစ်ပါတယ်။