စစ်အာဏာရှင်ခေတ်အလွန် ပေါ်လာမည့်နိုင်ငံရေးစနစ်သည် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ရမည်။
By Yu San.
16 December 2023 – Kachinwaves
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာအစိုးရအဆက်ဆက်၏ သူပုန်အဖြစ် အမည်နာမတပ်ခြင်းခံရသည့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု (EAOs) များသည် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင်ရှုတ်ချပြီး ပြည်သူနှင့်အတူ ရပ်တည်ကြသည်။ ၎င်း EAOs အဖွဲ့များသည် နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် ပြည်မအင်အားစုများ၏ အားထားရာဖြစ်နေပြီး အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင်တော်လှန်ရေးတစ်ခုလုံး၏ ရေသောက်မြစ်များ ဖြစ်သည်။
ယင်းအဖွဲ့များမှာ နွေဦးတော်လှန်ရေးကာလအတွင်း ကျေနပ်အားရဖွယ် စစ်ရေးရလဒ်များနှင့် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေသည့် မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့မှ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ မြန်မာပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုတွင် ပြည်မတော်လှန်ရေးတပ်ဖွဲ့များကို ကွပ်ကဲမှုပြုသည့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တောင်ပိုင်းစစ်မျက်နှာပြင် ဦးဆောင်တာဝန်ယူသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အနောက်ဘက် ချင်းတောင်တန်းဒေသမှ ချင်းအမျိုးသားတပ်ဦး (CNF) စသဖြင့် ပါဝင်သည်။ ထိုအစုအဖွဲ့များသည် ပြည်မတော်လှန်ရေး အင်အားစု၊ ဒီမိုကရေစီအင်အားစု (PDF၊ NUG) တို့နှင့် အတူတကွလက်တွဲပြီး စစ်အာဏာရှင်ကို တော်လှန်နေသည်။
အထက်ပါအဖွဲ့များ၏ နောက်ခံသမိုင်းကြောင်း၊ ကာလသက်တမ်းနှင့် ဖြတ်သန်းကျော်ဖြတ်ခဲ့ရသည့် နိုင်ငံရေး၊ စစ်ရေး အတွေ့အကြုံများ မတူကွဲပြားကြသော်လည်း နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရေး ဘုံရည်မှန်းချက်ပန်းတိုင်တစ်ခု တူညီကြသည်။ ၎င်းမှာ “အမျိုးသားတန်းတူညီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး” ပင် ဖြစ်၏။
အမှန်တကယ်တွင် ထို EAOs အစုအဖွဲ့များသည် ၂၀၂၁ စစ်အာဏာမသိမ်းမီ ကာလကတည်းက ဖက်ဒရယ်အတွက် တိုက်ပွဲဝင်လာသည့် အစုအဖွဲ့များဖြစ်လေသည်။
၇၅ နှစ်ကျော် ဖက်ဒရယ်တိုက်ပွဲများ မြစ်ဖျားခံရာပင်လုံစာချုပ်
အခြေခံပညာကျောင်းသားဘဝက မြန်မာ့သမိုင်းတွင် အကျယ်တဝင့်သင်ကြားခဲ့ရသည့် ပင်လုံစာချုပ်၏ အနှစ်သာရကို မှန်ကန်စွာနားလည်နိုင်ရန်အတွက် ကိုလိုနီခေတ်မတိုင်မှီ ကာလများသို့ ပြန်သွားရန်လိုသည်။
ဝါရင့်ရှမ်းနိုင်ငံရေးသမား ဦးရွှေအုန်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိမှ အချက်အလက်များအရ ကိုလိုနီခေတ်မတိုင်မီ မြန်မာပြည်ကို ခွဲခြမ်းစိတ်ဖြာကြည့်သော် အောက်ပါအတိုင်းတွေ့ရသည်။
မြန်မာဘုရင်များ လက်ထက်က မွန်နှင့်ရခိုင်တို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်းအားဖြင့် မြန်မာဘုရင်လက်အောက်ခံပြည်နယ်များ ဖြစ်စေခဲ့သည်။ ထိုစဉ်က ကရင်အမျိုးသားများမှာမူ သီးခြားအာဏာပိုင်ဆိုင်ခဲ့သည်ဟူသည့် သမိုင်းကြောင်းမရှိဘဲ မြန်မာများနှင့် တပြေးတည်းဖြစ်၏။ ယင်းဒေသများသည် အင်္ဂလိပ်လက်အောက် ကျရောက်ပြီးချိန်တွင် ဗမာပြည်မအဖြစ် တံဆိပ်တပ်ခံရသည်။ ရှမ်း၊ ကချင်နှင့် ချင်းတို့မှာမူ ကိုယ့်မင်းကိုယ့်ချင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်ခဲ့ပြီး ကရင်နီပြည် (ခေါ်) ကယားပြည်သည်လည်း မြန်မာဘုရင်၏ လက်အောက်ခံမဟုတ်သည့် သီးခြားလွတ်လပ်သော ဒေသတစ်ခုဖြစ်ခဲ့သည်။
ကိုလိုနီ လက်အောက်ရောက်သည့်အခါတွင်လည်း ထိုအစိတ်အပိုင်းလေးခု (ဗမာပြည်မ၊ ချင်း၊ ကချင်နှင့် ရှမ်း)သည် မတူညီသည့် စနစ်များဖြင့် သီးခြားအုပ်ချုပ်ခြင်းခံခဲ့ရ၏။ နယ်ချဲ့အင်္ဂလိပ်ထံမှ လွတ်လပ်ရေးယူရန်ဖြစ်လာသည့်အခါ ထိုအစိတ်အပိုင်းလေးခုသည် ပြည်ထောင်စုနိုင်ငံအဖြစ် အတူတကွ လွတ်လပ်ရေးရယူရန်အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်ခဲ့သည်။ သီးခြားပြည်နယ်များက ပြည်ထောင်စုတည်ထောင်ရန်အတွက် စာချုပ်သက်သေတည်၍ အတူတကွ လာရောက်ပေါင်းစည်းခြင်းဖြစ်ရာ ပင်လုံစာချုပ်၏ အဓိကအနှစ်သာရသည် “ဖက်ဒရယ်နိုင်ငံရေးစနစ်အောက်တွင် ပေါင်းစည်းခြင်း” ဖြစ်သည်။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် ရှမ်း၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်မခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့သည် သဘောတူညီချက်များ ထားရှိခဲ့ကြသည်။ ယင်းသဘောတူညီချက်များကို အကြမ်းဖျင်းခွဲခြမ်းစိတ်ဖြာပါက “ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် အတူတကွအုပ်ချုပ်ရေးကို ကျင့်သုံးမည့် ဖက်ဒရယ်အခြေခံမူ၊ တန်းတူရေးမူနှင့် ခွဲထွက်ခွင့် စသည့် အဓိကကျသော အချက်ကြီး (၃) ခုကို အခြေခံအားဖြင့် တွေ့မြင်ရမည်။
ထိုအချက်ကြီးသုံးချက်ကို အခြေခံသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမအဆင့် တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပပြီး တင်သွင်းနိုင်ခဲ့သော်လည်း ဒုတိယအကြိမ် လွှတ်တော်မကျင်းပမီ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ ယခင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဦးချန်ထွန်းက ပြုပြင်ပြောင်းလဲပြီး ဒုတိယအကြိမ် လွှတ်တော်တွင် အတည်ပြုပြဌာန်း လိုက်သည်။ ယင်းသည် ၁၉၄၇ အခြေခံဥပဒေဖြစ်လာပြီး ထိုဥပဒေ၏ အခန်း (၁၀) တွင် ခွဲထွက်ခွင့်ရှိခြင်းနှင့် အခန်း (၁၁) တွင် အခြေခံဥပဒေကို ပြင်ဆင်ခွင့်ရှိခြင်း စသည်တို့ပါဝင်သည်။
သို့သော် ပြင်ဆင်ပြောင်းလဲလိုက်သည့် ၁၉၄၇ အခြေခံဥပဒေသည် ဗမာပြည်မက ပြည်ထောင်စုအာဏာကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အုပ်ချုပ်ရေးစနစ်ဖြစ်သည့်အတွက် တိုင်းရင်းသားများ မျှော်မှန်းထားသည့် အတူတကွယှဉ်တွဲအုပ်ချုပ်သည့်စနစ်မဟုတ်ဘဲ ဗမာကြီးစိုးသည့် နိုင်ငံရေးစနစ်သာ ဖြစ်လာသည်။
ပင်လုံကတိကဝတ်ကို လိုက်နာခြင်းမရှိဘဲ ဗမာကြီးစိုးသည့် နိုင်ငံရေးစနစ်ကို ဖော်ဆောင်ခဲ့ကြသည့်အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အစိုးရကို စတင်တော်လှန်သည့် တိုင်းရင်းသား တော်လှန်ရေးအုပ်စုများ စတင်ပေါ်ပေါက်လာသည်။ ၁၉၄၉ ခုနှစ်တွင် ကရင်၊ ရခိုင်နှင့် မွန်၊ ၁၉၆၁ တွင် ကချင် စသဖြင့် တိုင်းရင်းသားအုပ်စုအသီးသီး၏ ပုန်ကန်မှုများ စတင်လာသည်။
“၁၉၄၇ အခြေခံဥပဒေက ဖက်ဒရယ်အတု (quasi-federalism) ဖြစ်နေတယ်။ အစစ်မဟုတ်ဘူး၊ အဲ့တော့ တိုင်းရင်းသားတွေက ဖက်ဒရယ်အစစ် (genuine federalism) ဖြစ်လာအောင် ၁၉၄၇ အခြေခံဥပေဒကို ပြင်ကြရအောင်ဆိုပြီး တောင်းဆိုတယ်၊ လှုပ်ရှားမှုတွေ လုပ်တယ်။ အဲဒီလှုပ်ရှားမှုတွေကို ဖက်ဒရယ်လှုပ်ရှားမှု (federal movement) လို့ လူသိများပြီး ၁၉၅၈ နောက်ပိုင်းပေါ်လာတယ်၊ ၁၉၆၁ – ၆၂ အားအကောင်းဆုံး ဖြစ်လာတယ်။”ဟု ဖက်ဒရယ်ရေးရာ လေ့လာသုံးသပ်သူ ဦးခင်မောင်ဝင်းက ဆိုသည်။
ထိုဖက်ဒရယ် လှုပ်ရှားမှုတွင် ချင်း၊ ကချင်၊ ရှမ်းတို့သာမက ကရင်၊ ကရင်နီနှင့် မွန်၊ ရခိုင်စသည့် တိုင်းရင်းသား ကိုယ်စားလှယ်များပါ ပါဝင်လာခဲ့သည်။ ထိုလှုပ်ရှားမှု၏ အထင်ကရ သမိုင်းမှတ်တိုင်တစ်ခုမှာ ကိုယ်စားလှယ် ၃၃၀ တက်ရောက်သည့် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားများ ပထမဆုံးအကြိမ်အဖြစ် ဖက်ဒရယ်ဆိုင်ရာများကို စနစ်တကျဆွေးနွေးဆုံးဖြတ်ကြသည့် ညီလာခံ ဖြစ်၏။
တောင်ကြီးညီလာခံ နောက်ဆက်တွဲအနေဖြင့် ၁၉၆၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်မှ မတ်လ ၂ ရက် အထိ ရန်ကုန်တွင် ဖက်ဒရယ် ဆီမီနာ (federal seminar) တစ်ရပ်ကျင်းပသည်။ ဝန်ကြီးချုပ်ဦးနုက ဖက်ဒရယ် ဆီမီနာတွင် မတ်လ ၂ ရက်နေ့၌ မိန့်ခွန်းပြောရန် စီစဥ်ထားသော်လည်း၊ ဦးနုမိန့်ခွန်းမပြောမီ နာရီပိုင်းအလိုတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်သည်။
“ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုပြီး ဝါဒဖြန့်ပြီး အာဏာသိမ်းတာ။ အမှန်တကယ်က တိုင်းရင်းသားတွေက မခွဲထွက်ချင်လို့ စစ်မှန်တဲ့ ဖက်ဒရယ်လုပ်ပြီးတော့မှ အတူနေကြဖို့ ပြင်ဆင်နေကြတာ”ဟု ဦးခင်မောင်ဝင်းက ဆိုသည်။
ဖက်ဒရယ်ကို တိုက်ယူမှရတော့မည် ဟူသည့်အခြေအနေကို တိုင်းရင်းသားများ သိရှိသဘောပေါက်ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို တိုင်းရင်းသား အစုအဖွဲ့အသီးသီးက ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဆရာဦးခင်မောင်ဝင်းက သမိုင်းကြောင်းကို ပြန်ပြောင်းပြောပြသည်။
၁၉၆၂ အာဏာသိမ်းမှုသည် ဖက်ဒရယ်ကို ငြိမ်းချမ်းစွာ တောင်းဆိုနေ၍ မရတော့ကြောင်း ပိုမို ထင်ရှားသွား စေသည်။ ဖက်ဒရယ်ကို လက်နက်ကိုင်တိုက်တောင်းဆိုမှုသည် အချိန်ကာလ ကြာလာသည်နှင့်အမျှ ပိုမိုခိုင်မာ အားကောင်းလာသည်။ တိုင်းရင်းသား လက်နက်ကိုင် ပြည်တွင်းစစ်ပွဲများ တောက်လောင်လာခဲ့သည်မှာ ၇၅ နှစ် ကျော်လာပြီး ထိုကာလအတွင်း မြန်မာစစ်တပ်၏ သွေးခွဲမှုနှင့် ဝါဒဖြန့်မှုများကြောင့် တိုင်းရင်းသားများလူမျိုးနှင့် ဗမာပြည်မနေ လူထုတို့ကြား စည်းလုံးမှုပိုမိုကွာဟလာသည်။ အထူးသဖြင့် ထိုအုပ်စုနှစ်ခု၏ ဖက်ဒရယ်အပေါ် သိနားလည်မှုအမြင်များသည် ကွဲပြားခြားနား နေခဲ့သည်။
နွေဦးတော်လှန်ရေး အတူပြန်လည်ပေါင်းစည်းခြင်း
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအတွင်း စစ်တပ်၏အရပ်သားပြည်သူအပေါ် ဖိနှိပ်ချုပ်ခြယ်သည့် လုပ်ရပ်များကြောင့် ပြည်မဒေသနေပြည်သူများသည် စစ်တပ်၏ဆိုးယုတ်မှုများကို သိရှိနားလည်ပြီး တိုင်းရင်းသားတို့ နှစ်ပေါင်းများခံစားခဲ့ရသည့် ဖိနှိပ်ခံဘဝများကို စာနာတတ်စေခဲ့သည်။ လက်နက်ကိုင်သူပုန်အဖြစ် ပုံဖျက်ခံရသည့် EAOs အုပ်စုအပေါ် အမြင်ပြောင်းလဲလာစေသည်။ စစ်တပ်ပုံဖော်ခဲ့သည့် ဗမာလူမျိုးကြီးဝါဒနှင့် သွေးခွဲဝါဒဖြန့်မှုကို သိရှိနားလည်ပြီး အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြုတ်ရန်မှာ လက်နက်ကိုင်တိုက်ယူမှသာ ရရှိမည်ဖြစ်ကြောင်းကို လူထုတစ်ရပ်လုံးက သိရှိနားလည်လာ၏။
အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်လိုသည့် ပြည်မမှ ဒီမိုကရေစီအင်အားစုများကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်များက သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့ဖြင့် ထောက်ပံ့ကူညီခဲ့ကြပြီး နွေဦးတော်လှန်ရေးတွင် အတူတကွ ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်နေကြသည်။
EAOs အဖွဲ့အစည်းများသည် စစ်အာဏာသိမ်းကာလအလွန်တွင် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ပြည်မအင်အားစုများနှင့် “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” အတူတကွ လက်တွဲဖော်ဆောင်နေခြင်းဖြစ်ရာ တိုင်းရင်းသားအင်အားစုများ၏ ပေးဆပ်မှုများအတွက် ဗမာပြည်မအင်အားစုများသည် တိကျသည့် ကတိကဝတ်များပေးရန် လိုအပ်ကြောင်း ဗမာအမျိုးသားများလွတ်မြောက်ရေးတပ် (BPLA) ခေါင်းဆောင်မောင်ဆောင်းခက Burmese Generation War နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ယခုကဲ့သို့ဆိုထားသည်။
“လက်ရှိနွေဦးတော်လှန်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အကူအညီမပါဘဲ၊ သူတို့ရဲ့ပူးပေါင်းပါဝင်မှု၊ ဦးဆောင်မှုမရှိဘဲနဲ့ ဒီတော်လှန်ရေးက အောင်နိုင်ဖို့ရာ မရှိဘူးလို့ ကျွန်တော်တို့က ရိုးရိုးလေးပဲမြင်တယ်။ ကြိမ်းသေတာက သူတို့တွေနဲ့ဆွေးနွေးညှိနှိုင်းဖို့ နောက်တစ်ခုကတော့ တန်းတူညီမျှမယ့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာဖို့အတွက် ဗမာအင်အားစုကနေ တိကျတဲ့၊ ဖြစ်နိုင်ချေရှိတဲ့ ကတိကဝတ်တွေ ပေးရမယ်”
အနာဂတ် ဖက်ဒရယ်စနစ် ဘယ်လိုဖြစ်သင့်လဲ။
သမိုင်းကြောင်းနှင့် နွေဦးတော်လှန်ရေးကို မြေလှန်တူးဆွပါက စစ်အာဏာရှင်စနစ်အလွန် မြန်မာ့ နိုင်ငံရေးစနစ်သည် ဖက်ဒရယ်ဒီမိုကရေစီ စနစ်သာဖြစ်ရမည်မှာ ထင်ရှားနေပါသည်။ တိတိကျကျဆိုရသော် ယင်းဖက်ဒရယ်စနစ်သည် တိုင်းရင်းသားများအပေါ် တန်းတူညီမျှမှုရှိသည့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်စနစ် ဖြစ်ရမည်။
တန်းတူရေးကို ဖော်ဆောင်ရန်အတွက် ဗမာများသည် ပြည်နယ်ဖွဲ့စည်း ပါဝင်သင့်သည်ဟု တိုင်းရင်းသားများက လက်ခံထားကြသည်။ အာဏာခွဲဝေမှုတွင် ပြည်နယ်များကိုသာ အာဏာပိုမိုပေးအပ်ပြီး ပြည်ထောင်စုအစိုးရအာဏာကို ကန့်သတ်လိုက်ခြင်းအားဖြင့် တိုင်းရင်းသားများလိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်သည် အကောင်အထည်ပေါ်နိုင်မည်ဖြစ်သည်။
အာဏာရှင် ပြုတ်ကျပြီးနောက်ပိုင်း နိုင်ငံရေးစနစ်သည် တိုင်းရင်းသားများ အမှန်တကယ်လိုလားသည့် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” မရှိသည့် နိုင်ငံရေးစနစ် (သို့မဟုတ်) ၁၉၄၇ ဥပဒေကဲ့သို့ ဗမာကြီးစိုးသည့်၊ ပြည်ထောင်စုအာဏာလွှမ်းမိုးသည့် ဖက်ဒရယ်စနစ်အတုသာ ဖြစ်နေမည်ဆိုပါက မြန်မာပြည်နိုင်ငံရေး ပြဿနာသည် ပြီးဆုံးမည် မဟုတ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် ဖက်ဒရယ်ပညာရှင်များက သုံးသပ်ကြသည်။
===
ကိုးကား
– ဒေါက်တာဆလိုင်းလျန်မှုန်း၊ ပင်လုံကတိကဝတ်
– ဝါရင့်ရှမ်းနိုင်ငံရေးသမားကြီးဦးရွှေအုံး၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိ
– ဦးခင်မောင်ဝင်း၏ ဖက်ဒရယ်ရေးရာ ပို့ချမှုများ