ပူတာအို၊ လုံရှာယာန်ကျေးရွာတွင် ခလရ (၄၆) စစ်ကောင်စီတပ်ရင်းမှ စစ်သားများ ကျေးရွာနေအိမ်များတွင် ရောနှောနေထိုင်နေ
27 December 2023 – Kachinwaves
ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာတွင် ပူတာအိုအခြေစိုက် ခလရ (၄၆) စစ်ကောင်စီတပ်မှ တပ်စခန်း ပြန်လည်အထိုင်ချရန် ပြင်ဆင်နေကြောင်း သိရသည်။
ဒီဇင်ဘာ ဒုတိယအပတ်က စစ်အင်အား ၅၀ ကျော်ရှိသည့် စစ်ကောင်စီစစ်သားများ လုံရှာယာန်ကျေးရွာသို့ ရောက်ရှိလာပြီး အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်နေထိုင်နေကြောင်း ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
အရပ်သားနေအိမ်တစ်အိမ်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ယောက်ဝန်းကျင်ခန့် နေထိုင်သည်ဟု ဆိုသည်။
၎င်းတပ်ဖွဲ့သည် လုံရှာယန်ကျေးရွာအလယ်၊ ချောင်းနံဘေးတွင် စခန်းဆောက်ရန် ပြင်ဆင်နေပြီး ဒေသခံများပိုင်ဆိုင်သည့် ခြံဝင်းများထဲမှ သစ်၊ ဝါးများကို ခုတ်ယူအသုံးပြုနေသည်ဟု အဆိုပါဒေသခံထံမှ သိရသည်။
ဆောက်လုပ်မည့်စခန်းသည် လွန်ခဲ့သည့် ၅ နှစ်ဝန်းကျင်က စစ်တပ်စွန့်ခွာသွားသည့် နေရာဟောင်း၌ ပြန်လည်တည်ဆောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အရပ်သားနေအိမ်များပေါ် တက်ရောက်နေထိုင်နေသည့်အတွက် စိတ်လုံခြုံမှုမရှိခြင်းကို ခံစားရကြောင်း ဒေသခံက ဆိုသည်။
“စစ်သားတွေရှိတယ်ဆိုရင်က စိတ်ကကြောက်ကြောက်နဲ့ မလုံခြုံသလိုမျိုးပေါ့။ အဲ့လိုမျိုး အကုန်လုံးခံစားရမှာပဲ။ မလုံခြုံတဲ့စိတ်ပေါ့နော်။ ခံစားချက်တော့ အဲ့လိုမျိုးရှိတယ်”
ရဝမ်၊ လီဆူ၊ ဂျိန်းဖေါ့နှင့် ခန္တီးရှမ်းအများစုနေထိုင်သည့် လုံရှာယာန်ကျေးရွာတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄ ထောင်ကျော်နေထိုင်ကြောင်း သိရပြီး၊ ယင်းကျေးရွာသည် ပူတာအိုမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် ပူတာအို – ဆွမ်ပရာဘွမ်လမ်းမပေါ်က ကျေးရွာဖြစ်သည်။