ကောလင်းတွင် စစ်ကောင်စီ ပစ်သောလက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရ
28 December 2023- Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် စစ်ကောင်စီမှ ပစ်လိုက်သော ဟောက်ဝှစ်ဇာ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဝန်းသိုတပ်မှ ပစ်ခတ်လိုက်သော ဟောက်ဝှစ်ဇာ လက်နက်ကြီးကျည်မှာ ကောလင်းမြို့ အနောက်ကျောင်း (ဘုန်းကြီးကျောင်း)နှင့် ကျော်ဇေယျရပ်ကွက်မှ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မနက် ၁၀ ခွဲလောက်မှာ ပစ်တာ စုစုပေါင်း ၄ လုံးပေါ့၊ ဘုန်းကြီးကျောင်းပေါ် တစ်လုံးကျတယ်။ အောင်ဇေယျာ ၁ ရပ်ကွက်က အိမ်ကိုက ၂ လုံးကျတယ်၊ တစ်လုံးကတော့ မပေါက်ကွဲလိုက်ဘူး။”
အသက် ၃ နှစ်အရွယ် ယောက်ကျ်ားလေးတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၆၀ နှစ်အရွယ် ကပ္ပိယတစ်ဦးမှာ ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားသည်ဟု ဆိုသည်။
ကလေးငယ်၂ ဦး၏ မိခင်ဖြစ်သူနှင့် ဘုန်းကြီးတစ်ပါးအပါအဝင် စုစုပေါင်း ပြည်သူနှစ်ဦးမှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဆက်ပြောသည်။
Kachinwaves ရရှိထားသည့် ဓါတ်ပုံများတွင် ေြခပြတ်ဒဏ်ရာ၊ ပြတ်ရှနှင့် ပေါက်ပြဲနေသည့် ဒဏ်ရာများကို တွေ့ရသည်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ဝန်းသိုတပ်ရင်းမှ ကောလင်းမြို့ပေါ်သို့ ဟောက်ဝှစ်ဇာလက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေမှုကြောင့် မြို့ပေါ်ရှိပြည်သူများ ထိပ်လန့်ကာ မြို့ပြင်သို့ ထွက်ပြေးသိမ်းရှောင်နေကြကြောင်းလည်း သိရသည်။
စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုများလည်းရှိနေပြီး ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် မကုန်ခင် ပြန်သိမ်းယူမည်ဟု စစ်ကောင်စီဘက်မှ ကြုံးဝါးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။