လောက်ကိုင်တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ
26 December 2023 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Kokang Media ကဖော်ပြထားသည်။
ခရစ္စမတ်နေ့တွင် လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်ရှိ ဟွမ်ကွမ့်ဟိုတယ်အနီး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲရာမှ အရပ်သားထိခိုက်သေဆုံးမှု ဖြစ်ပွါးခဲ့ရကြောင်း သိရသည်။
အခင်းဖြစ်ပွါးရာနေရာတွင် MNDAA အဖွဲ့က ကွပ်ကဲခဲ့ပြီး သေဆုံးအရပ်သားများကို သင်္ဂြိုဟ်ပေးကာ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် အရပ်သားများနေသည့်နေရာသို့ဦးတည်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲခြင်းများ လုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူများကို ဘေးကင်းရာနေရာသို့ ရွှေပြောင်းကြရန် တိုက်တွန်းထားသည်။
လောက်ကိုင်ဒေသတွင် စစ်ကောင်စီနှင့် MNDAA တို့တိုက်ပွဲများဖြစ်ပွါးနေပြီး လောက်ကိုင်မြို့နှင့် မြို့ပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည်။ ဒီဇင်ဘာ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ လောက်ကိုင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ်ရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။