စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ရှောင်တခင် တိုက်ခိုက်မှုကြောင့် KPDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိ
26 December 2023 – Kachinwaves
တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို တိုက်လေယာဉ်ဖြင့် ပစ်ခတ်သည့်အတွက် မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က မြစ်ကြီးနားမှဆင်းလာသည့် ဂျက်လေယာဉ်ဖြင့် စစ်ကိုင်းတိုင်း မိုးတားလေးကျေးရွာ ရဲစခန်းအနီးကို ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KPDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့လေယာဉ်ချမှပဲ အတိအကျကြီးချတာ။ ခါတိုင်းလေယာဉ်ကြဲရင် ရွာစွန်တို့ဘာတို့ပဲချတာ အခုက နေတဲ့အိမ်ကြီးကို အတိအကျကြီးချသွားတာ”ဟု မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မြို့လှ KPDF တပ်ဖွဲ့စစ်ကြောင်းက မိုးတားလေးကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်စဉ် ၎င်းတို့စခန်းချသည့် အဆောက်အအုံ ဗုံးချတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
လေယာဉ်ဗုံးကြောင့် မြို့လှ KPDF တပ်ဖွဲ့၏ တပ်စုမှူးကြယ်လေး ကျဆုံးခဲ့ပြီး၊ တပ်စိပ်မှူးကျားပျံမှာ ပေါင်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အခြား ၃ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်ဟု မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။
မိုးတာလေးကျေးရွာကို ဗုံးချခဲ့သည့်လေယာဉ်သည် ရွာနှင့် ၃ မိုင်ဝန်းကျင်အကွာရှိ ကျွန်းတောရွာကိုလည်း ဗုံးကြဲပြီး ပစ်ခတ်မှုပြုလုပ်သွားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က စစ်ကောင်စီသည် တိုက်လေယာဉ် ၃ စင်းဖြင့် မိုးတားလေးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးပြီး ယင်းဖြစ်စဉ်တွင် မိုးတားလေးကျေးရွာမှ လူ ၇ ယောက်သေဆုံးခဲ့သည်။