ကောလင်းမြို့ကို စစ်ကောင်စီကပြန်တိုက်ယူမည်ဟု အသံထွက်နေဆဲ
26 December 2023 – Kachinwaves
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီအဖွဲ့က ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်အရယူမည်ဟု သတင်းထွက်ပေါ်နေကြောင်း ကောလင်းမြို့နယ် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
“စစ်ကောင်စီဘက်ကနေပြီးတော့ ကောလင်းမြို့ကို ပြန်ယူမယ်လို့ သတင်းတွေကြားနေရတယ်။ ကောလင်းမြို့ကိုလည်း အမျိုးမျိုးထိုးစစ်ဆင်မှုတွေ လုပ်နေကြတယ်။ ရိက္ခာဖြတ်တောက်ဖို့တွေလည်း လုပ်နေကြတယ် “ဟု ကောလင်းမြိုနယ် တော်လှန်ရေးရဲဘော်တစ်ဦးမှပြောသည်။
ဒီဇင်ဘာ၂၃ ရက်နေ့ကစပြီး ကောလင်းမြို့သို့သွားမည့် ခရီးသည်တင်ကား၊ ကုန်ကားများကို ပိတ်ဆို့ထားသည့်အပြင် ထိုနေ့ညပိုင်းက ကောလင်းမြို့ပေါ် လေယာဉ်ပျံဝဲခဲ့ကြောင်း Kawlininfo က သတင်းထုတ်လွှင့်ထားသည်။
ကောလင်းမှတ်ပုံတင်ကိုင်ဆောင်ထားသည့် ကားဆရာများ၊ခရီးသည်ကားနှင့် ကုန်တင်ကားများ စစ်ကိုင်းအထက်ပိုင်းလမ်းကြောတွင် အင်းတော်စစ်ကောင်စီဂိတ်က ပိတ်ဆို့ထားပြီး စစ်ကိုင်းအောက်ပိုင်းလမ်းကြောတွင်မူ ရွှေဘိုကိုးပင်ဂိတ်က တားဆီးပိတ်ပင်လိုက်ကြောင်းလည်း Indaw Revolution- IRအဖွဲ့ထံမှသိရသည်။
“အထက်ကနေ ဆင်းလာတဲ့ကားဆိုရင် သူတို့(စစ်
ကောင်စီ)က အင်းတော်ဂိတ်မှာ ပိတ်ချလိုက်တယ် ။အောက်ဘက်ကနေ တက်လာမဲ့ကာဆိုရင် ရွှေဘို ကိုးပင်
ဂိတ်မှာ ပိတ်ချပစ်လိုက်တယ်။ ကောလင်းကိုသွားမဲ့ကားမှန်သမျှ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူး”ဟု ၎င်းအဖွဲ့၏ တာဝန်ရှိသူမှဆိုသည်။
ကောလင်းမြို့သိမ်းတိုက်ပွဲပြီးနောက်ပိုင်း ဝန်းသိုစစ်တပ်နှင့် ကန့်ဘလူမြို့နယ်မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ကောလင်းနယ်ဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။
လက်ရှိအချိန်ထိ ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်နေပြီး ဝန်းသို ခမရ (၁၂၀) တပ်မှ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ကောလင်းဘက်သို့ နေ့စဉ်ရက်ဆက် ဦးတည်ပစ်ခတ်နေသည်။
ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅ရက် ) နေ့ကလည်း ဝန်းသိုတပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အောင်ဇေယျရပ်ကွက်မှနေ အိမ်တစ်လုံးနှင့် စာသင်ကျောင်းများ ထိခိုက်မှုရှိခဲ့သည်။
ဝန်းသိုတပ်ရင်းမှ မကြာခဏလက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည့်အတွက် လူသေဆုံးထိခိုက်မှုများ၊ အဆောက်အဦးပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်းလည်း ကောလင်းဒေသခံများထံမှ သိရသည်။
စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ကောလင်းမြို့ကိုပြန်လည်သိမ်းယူပြီး ထွေအုပ်ရုံးတွင်ထောင်ထားသည့်အလံကို ပြန်လည်ဖြုတ်ချရမည်ဖြစ်ကြောင်း စစ်လော်ဘီများကလည်း သွေးထိုးလှုံ့ဆော်နေသည်။
ကောလင်းမြို့ကို နိုဝင်ဘာ ၃ ရက်နေ့က KIA ၊ AA ပါဝင်သည့် တော်လှန်ရေးအဖွဲ့ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်
သိမ်းပိုက်နိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၏ အုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နေပြီဖြစ်သည်။